အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်း ဟောပြော ပွဲကို ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက် နံနက် ၉နာရီခွဲမှ နေ့လည် ၁နာရီအချိန်ထိ တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်များ နှင့် ပါတီဝင်များ အပါအ၀င် ဧည့်သည်တော် ၃၀၀ ကျော်ခန့် တက်ရောက်လာခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်လိုသူ ၂၈၅ ဦး နှင့် အသစ်ရေးဆွဲလိုသူ ၁၅ ဦးရှိကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်မီးမီး တို့နှင့် ကျိုင်းတုံမြို့မှ ပါတီဝင်များအပြင် တာချီလိတ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြောင်း သိရသည်။
ဟောပြောပွဲ၌ ဒေါ်ခင်မိုးမိုးက အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ရှမ်းပြည်နယ်ရှိ ခရိုင် ၁၃ခရိုင်ကို လှည့်လည် ၍ ပြည်သူ့ဆန္ဒကို ကောက်ခံရမှာဖြစ်ရာ ယခုအခါမှာ တာချီလိတ်ခရိုင်သည် လှည့်လည် ဆန္ဒကောက်ခံမှု ခရီးစဉ်၏ ၉ ခရိုင်မြောက် ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒသဘောတရားကို ပါတီ ဗဟို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား တင်ပြရမှာဖြစ်တာကြောင့် ၁၃ခရိုင်လုံးကို အောက်တိုဘာလကုန်အပြီး ကောက်ခံမည်ဖြစ်ကြောင်း ကနဦး ရှင်းလင်းပြောကြားသွားသည်။
ယင်းနောက် ဟောပြောပွဲတွင် ဦးဆောင်ဆွေးနွေး ဟောပြောသူ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ပြည်သူများအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ မရရှိပဲ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားတာနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်အသီးသီးမှာ နေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း၊ ရှေ့နောက်မညီသည့် ဥပဒေများအကြောင်း၊ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေသည် One Man Show ဥပဒေ သဖွယ်ဖြစ်နေကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် နိုင်ငံရေး ပါတီများ၊ ပါတီဝင်များ နှင့် ဧည့်သည်တော်များက မိမိတို့၏ ဆန္ဒ သဘောတရားကို ထုတ်ဖော်ပြောကြား မေးမြန်းဆွေးနွေးကြပြီးနောက် ဦးထွန်းထွန်းဟိန်မှ အဆိုပါ ဆွေးနွေး မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ဆွေးနွေးမှုအပြီးမှာ တက်ရောက်လာသည့် ဧည့်သည်များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုသူ နှင့် အသစ် ပြန် လည်ရေး ဆွဲလိုသူများ ရှိပါက လက်ထောင်၍ ဆန္ဒပြုရန် တောင်းဆိုသည့်အခါမှာ အခြေခံ ဥပဒေ အား ပြင်ဆင် လိုသူ ၂၈၅ ဦး နှင့် အသစ်ပြန်လည်ရေးဆွဲလိုသူ ၁၅ ဦး ရှိကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် ဦးထွန်းထွန်းဟိန်၊ ဦးအောင် သိန်း ၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း ( လပွတ္တာ )၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့ ပါဝင်ကြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီအား ၂၀၁၃ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News



















No comments:
Post a Comment