Pages

Friday, October 18, 2013

နည်းပညာတက္ကသိုလ်များ၌ ကျောင်းသားအရေအတွက်နည်းပါးသည့် မေဂျာအချို့ကို ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင်သာ သင်မည်


Friday, October 18, 2013

ကျောင်းသားအရေအတွက် အနည်းငယ်သာ တက်ရောက်သင်ကြားနေသည့် နယ်မြို့များရှိ နည်းပညာ တက္ကသိုလ်များမှ မေဂျာအချို့ကို ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ်များနှင့် မြို့ကြီးအချို့ရှိ နည်းပညာတက္ကသိုလ် အနည်းငယ်တွင်သာ သင်ကြားပေးနိုင်ရန် စီစဉ်နေကြောင်း သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း က အောက်တိုဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

နယ်မြို့များရှိ နည်းပညာတက္ကသိုလ်အချို့တွင် အဓိကအင်ဂျင်နီယာဘာသာ ရပ်များဖြစ်သော မြို့ပြအင်ဂျင်နီယာဘာသာရပ်၊Electronic Electrical Power၊ Mechanical Power စသည့် ဘာသာရပ်များကိုသာ အဓိကထား သင်ကြားပေးသွားမည်ဖြစ်သည်။

ဦးဇော်ဝင်းက “နယ်က နည်းပညာတက္ကသိုလ်ကျောင်းတွေမှာ အဓိကဘာသာရပ်တွေကိုပဲ သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နယ်ကျောင်းတွေက မေဂျာအချို့မှာ လူဦးရေ နှစ်ယောက်၊ သုံးယောက်နဲ့ သင်ကြားပေးနေ ရတာတွေရှိတယ်။ အဲဒီလိုမျိုးဆိုရင် အဲဒီမေဂျာအတွက် သင်ကြားပေးရတဲ့ ဆရာအရေအတွက်၊ သင်ရိုးပစ္စည်းတွေကို အပြည့်အစုံထားရတဲ့အတွက် waste ဖြစ်တယ်။ လာမည့်နှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွေမှာတော့ ဘယ်နည်းပညာတက္ကသိုလ်တွေမှာ ဘယ်မေဂျာပဲ သင်ကြားပေးတော့မယ် ဆိုတာကို ဖော်ပြပေးထားပါပြီ”ဟု ပြောသည်။

တက်ရောက်သူ ကျောင်းသားအရေအတွက် အနည်းငယ်သာရှိသည့် နည်းပညာတက္ကသိုလ်များမှ မေဂျာ အချို့ကို ဖြုတ်ပစ်ရန်မှာ အဆိုပါကျောင်းများတွင် သင်ကြားလာခဲ့သည့် စာသင်နှစ်အလိုက် တက်ရောက် သင်ကြားခဲ့သည့် ကျောင်းသားအရေအတွက်နှင့် ပြန်လည်ချိန်ညှိပြီးမှသာ စဉ်းစားဆုံးဖြတ်သွားမည် ဟုလည်း ၎င်းကဆိုသည်။

ဦးဇော်ဝင်းက “အဲဒီကျောင်းမှာတက်ခဲ့တဲ့မေဂျာအလိုက် ကျောင်းသား အရေအတွက်ပေါ်မူတည်ပြီး ဘယ်မေဂျာကနည်းတယ်၊ ကျောင်းသားမရှိဘူးဆိုတာကို ပြန်လည်သုံးသပ်ပြီး မေဂျာအချို့ကို ဖြုတ်သွားမှာ ပါ။ ဒါပေမဲ့ လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသားတွေကတော့ ကျောင်းပြီးဆုံးချိန်အထိ အဲဒီကျောင်းမှာ ဆက်လက်တက်ရောက်နိုင်တယ်။ ပထမနှစ် တက်မယ့်သူတွေပဲ အဲဒီမှာကျောင်းမှာတက်လို့မရတော့ဘူး။ တကယ်လို့ တက်ချင်ရင် အဲဒီမေဂျာတွေ သင်မယ့်ကျောင်း မှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းသို့သင်ကြားခြင်းနှင့်ပတ်သက်ပြီး ပုသိမ်နည်းပညာတက္ကသိုလ်တွင် Mechatronic (စက်မှုအီလက်ထရောနစ်) မေဂျာ BE ပညာသင်နှစ်ကို တက်ရောက် သင်ကြားနေသော ကျောင်းသူ တစ်ဦးက “ပုသိမ်နည်းပညာ တက္ကသိုလ်မှာလည်း လူနည်းတဲ့မေဂျာအချို့ကိုလည်း လာမည့် စာသင်နှစ်မှာ ဖြုတ်ပစ်မယ်လို့ ကြားတယ်။ အဲဒီမေဂျာမှာ တက်ရောက်နေဆဲ ကျောင်းသားတွေ ကတော့ ကျောင်းပြီးအောင်တက်ရမှာပေါ့။ ပထမနှစ်တွေကို လက်မခံတော့ဘူး။ ပုသိမ်နည်းပညာ တက္ကသိုလ်မှာတော့Mechatronic နဲ့ Informational Technology ဘာသာရပ်နှစ်ခုကို လာမည့် စာသင်နှစ်ကစပြီး မသင်တော့ဘူးလို့ ကြားတယ်။ အဲဒီမေဂျာတွေကို ရန်ကုန်နဲ့ မန္တလေးက နည်းပညာ တက္ကသိုလ်တွေမှာပဲ တက်ရောက်ရတော့မှာပါ”ဟု ပြောသည်။

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်နှင့် မန္တလေးရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခု တွင်လည်း အင်ဂျင်နီယာဘာသာရပ်များ အဆင့်မြှင့်တင်မှု စီမံကိန်း ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ဂျပန်ယန်း ၁ ဒသမ ၃၅ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း ၀န်းကျင်)ခန့် ထောက်ပံ့သွားမည်ဟု JICA Myanmar ရုံးက အောက်တိုဘာလဆန်းတွင် သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment