တာမွေမြို့နယ် အ၀ိုင်းထိပ်ကားမှတ်တိုင်အနီးလမ်းပြောင်းပြန် မောင်းနှင်
လာသည့် ခရီးသည်တင် ဘီအမ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
29-10-2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်းစည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ် များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ ရဲမှူးသာဌေး က အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်း တွင် ပြောကြား ခဲ့သည်။
တစ်ဖက် ယာဉ်ကြောမှ ပြောင်းပြန် မောင်းနေသည့် ယာဉ်များအပါအ၀င် စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အနိမ့်ဆုံး ပြစ်ဒဏ် အနေဖြင့် လိုင်စင်ပိတ်သိမ်းပြီး အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခင်က စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စီမံချက် ဒဏ်ငွေများဖြင့် အရေး ယူ သော်လည်း လိုက်နာမှု လုံးဝမရှိသောကြောင့် အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ကာ အမြင့် ဆုံး ထောင်ဒဏ် ခြောက်လအထိအရေးယူမှုအစီအစဉ်ကိုဥပဒေအတိုင်းသတ်မှတ်ရခြင်း ဖြစ်ကြောင်း သိ ရသည်။
''စီမံချက် ဒဏ်ငွေရိုက်ပြီး အရေးယူတဲ့ အစီအစဉ် ကိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ ပယ်ဖျက်လိုက်ပါပြီ။ အခု ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု လုံးဝမရှိတဲ့ အတွက် အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူဖို့ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိသွားပါပြီ။ အခုရက်ပိုင်း အတွင်းမှာလည်း ဘယ်လိုမျိုး စည်းကမ်း ဖောက်မှုတွေကို ဘယ်လိုမျိုး အရေးယူသွားမယ် ဆိုတာကို အများပြည်သူ သိအောင် သတင်းထုတ်ပြန် သွားပါမယ်'' ဟု ယာဉ်ထိန်း ဒု တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေး က ပြောကြား ခဲ့သည်။
စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ၂၁ အရ စည်းကမ်းဖောက် သည့် ပြစ်ဒဏ်အပေါ်မူတည်၍လိုင်စင်ပိတ်သိမ်းခြင်းမှအမြင့်ဆုံး ထောင်ဒဏ် ခြောက်လ အထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment