Pages

Wednesday, October 16, 2013

ယခုဘဏ္ဍာနှစ်ဝက် ကုန်သွယ်မှု ယခင်နှစ်ထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ပို




ရန်ကုန်၊ အောက်တိုဘာ ၁၅

ကုန်သွယ်မှု တက်လာခြင်းကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ အောက်တိုဘာ ၁၁ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူအချိန်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆၉ ဘီလီယံ ကျော်လွန်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၇၄ ဘီလီယံ၊ နယ်စပ် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၉ ဘီလီယံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၃၄ ဘီလီယံကျော် ရှိကြောင်း အဆိုပါဦးစီးဌာနက ကြေညာထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံ လျာထားသော်လည်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်သွယ်မှုများကြောင့် ယင်း လျာထားချက် ပြည့်မီရန် ခက်ခဲကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီ၏ လုပ်ငန်းအဖွဲ့ခေါင်းဆောင်ဦးညွန့်အောင်ကသြဂုတ်လက ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်
 ပြောကြားသည်။

တရားမဝင် ကုန်စည်ဝင်ရောက်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားအဖွဲ့များနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင် ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန် အထိ တရားမဝင် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၆၃၁၉ ဒသမ ၈၅၃ ကို ဖမ်းဆီး အရေးယူနိုင် ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယခုနှစ်ဘဏ္ဍာနှစ် အတွက် ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံ လျာထားသော်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်ဝက်ကျော်လာချိန် အထိ အမှန်တကယ် ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ၁၁ ဒသမ ၄၃၄ ဘီလီယံကျော်သာ ရှိသေးသည်။

နယ်စပ်မှတစ်ဆင့် တရားမဝင် ကုန်စည်ဝင်ရောက်မှု တားဆီးရေးကို လှုပ်ရှားအဖွဲ့များနှင့် ဆောင်ရွက် ပြီးနောက် ယခုနှစ် သြဂုတ်လမှ စတင်ကာ ရန်ကုန်ဆိပ်ကမ်းမှ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကို ပညာပေးကာလ၊ အရေးယူကာလ များဖြင့် ထိရောက်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တားဆီးရေးကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးညွန့်အောင် က ပြောကြားထားသည်။
 

No comments:

Post a Comment