Pages

Thursday, October 17, 2013

ပေါက်ကွဲမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အတည်မပြုနိုင်သေးခင် မရေးသားမဖော်ပြကြရန် တိုင်းရဲမှူး သတင်းထုတ်ပြန်


Thursday, October 17, 2013

မြစ်မခ

ပေါက်ကွဲမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ စစ်ဆေးဖေါ်ထုတ်ရေးလုပ်ငန်း များပြီးဆုံးပါက ဖေါ်ထုတ်ရရှိမှုဖြစ်စဉ်မှန်ကို မိဘပြည်သူ များထံသို့ မီဒီယာများမှတစ်ဆင့်ထုတ်ပြန်ပေးသွားမည်ဖြစ်၍ မီဒီယာများအနေဖြင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များထံ၌ မေးမြန်း ရရှိခဲ့သော အတည်ပြုချက်မရရှိသေးသည့်ဖြေဆိုမှုများကို ရေးသားဖေါ်ပြခြင်း မပြုလုပ်ကြပါရန်နှင့် အောက်ခြေမှရရှိသည့် သတင်းများသည် တိကျသည့်သတင်းများမဟုတ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းနိုင်က မီဒီယာ များ သတင်းထုတ်ပြန်နေမှုနှင့်ပတ်သက်၍ မေတ္တာရပ်ခံလိုက်သည်။

မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင် စားပွဲအမှတ် (၁၉)အောက်တွင် ချိန်ကိုက်ဗုံးတွေ့ရှိခဲ့မှု၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ TRADERS HOTEL အခန်းအမှတ် (၉၂၁)တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ ဖေါက်ခွဲခဲ့သူ တရားခံ စောမြင့်လွင်(ခ) မောထ ကို ဆက်စပ်ပါဝင်သူများ၊ သက်သေခံအထောက်အထားများအရဖေါ်ထုတ်ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူးနှင့် ရန်ကုန်မြို့များတွင် ဖြစ်ပွားခဲ့သော ချိန်ကိုက်ဗုံးတွေ့ရှိမှုများ၊ အချို့ နေရာများတွင် ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုများနှင့် စပ်လျဉ်း၍ရရှိထားသည့် သက်သေခံအထောက်အထားများဖြင့် ဆက်စပ်ဖေါ်ထုတ်ပြီး ပါဝင်ပတ်သက်သူများအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်းတွင် မီဒီယာများအနေဖြင့် ပြည်သူများထံအမြန်သတင်းချပြလိုမှုဖြင့် အတည်ပြုမှုမရရှိသေးသော လက်အောက်ရှိတပ်ဖွဲ့ဝင်အချို့၏ သတင်းများကိုရယူ၍ ဖေါ်ပြလျက်ရှိနေရာ အဆိုပါဖေါ်ပြချက်များသည် တိကျခိုင်လုံမှုမရှိသည့် အပြင် ရဲတပ်ဖွဲ့က ဖြစ်စဉ်မှန်ဖေါ်ထုတ်ဆောင်ရွက်နေမှုနှင့် ကျန်ရှိဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးတို့အတွက် အခက်အခဲ ဖြစ်စေနိုင်သည်ဟု အဆိုပါသတင်းထုတ်ပြန်မှု၌ ဖော်ပြပါရှိသည်။

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှလည်း ပေါက်ကွဲမှုနှင့်ပတ်သက်သည့် တရားခံအား ဖမ်းဆီးရမိထားမှုသတင်းကို သတင်းဦး အဖြစ် နိုင်ငံတော်အဆင့်အနေဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါ၍ မကြာမီတွင် စစ်ဆေးဖေါ်ထုတ်ရေးလုပ်ငန်းများပြီးဆုံးပါက ဖေါ်ထုတ် ရရှိမှုဖြစ်စဉ်မှန်ကို မိဘပြည်သူများထံသို့ မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ကြောင်း ရန်ကုန်တိုင်းရဲမှူးက ဆိုသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ်ကြောင့်ကြမှု မရှိစေရေးရေး မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ အထူး သတင်းအနေဖြင့် တရားခံဖေါ်ထုတ်ရရှိထားကြောင်းကိုလည်း အောက်တိုဘာလ(၁၆)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သေးသည်။

Shwe Myitmakha Media Group

No comments:

Post a Comment