Pages

Thursday, October 10, 2013

ကုလ အထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ သီးခြားတွေ့ဆုံ

Thursday, October 10, 2013

မြစ်ကြီးနားမြို့တွင် ပြုလုပ်နေသော ပြည်ထောင်စု ငြိမ်ချမ်းရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်လာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီးယားတို့ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားရှိ နန်းသီတာ ဟိုတယ်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကရင် အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူး ဦးစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင် အမျိုးသား အစည်းအရုံးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စများကို ဆွေးနွေး
ခဲ့ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ဖြစ်စေချင်သည့် ဆန္ဒများကို တင်ပြဆွေးနွေးခဲ့ကြောင်း ဦးစောကွယ်ထူးဝင်းက ပြောကြားသည်။“အပစ်အခတ် ရပ်စဲထားပေမယ့် ရှေ့တန်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကို တင်ပြခဲ့တယ်” ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ စိုင်းဘောင်ခေးက ဆိုသည်။

နှစ်ဖက် အဖွဲ့အစည်းများ ယုံကြည်မှု အပြည့်အဝ မရှိသေးချိန်တွင် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အချို့မှာ ယုံကြည်မှုကို အားဖြည့်ပေးသည့် အနေအထား မရှိပါက တိုက်ပွဲများ ဆက်ဖြစ်နေမည်သာ ဖြစ်သည်ဟု မစ္စတာနမ်ဗီးယားက သုံးသပ်ကြောင်း ဦးစောကွယ်ထူးဝင်းက ထပ်ဆင့်ပြောပြသည်။

မစ္စတာဗီဂျေနမ်ဗီးယားက ကုလသမဂ္ဂ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် မည်ကဲ့သို့ ပါဝင်မည်ဆိုသည့် အကြောင်းကို အတိအကျဖြေဆိုသွားခြင်း မရှိသော်လည်း ပြုပြင်ပြောင်းလဲမှုများ အပေါ်တွင် တတ်နိုင်သရွေ့ ကူညီပေးရန် စောင့်ကြည့်လျက် ရှိသည်ဟု ဆိုကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အနေအထားကို လေ့လာခြင်းဖြစ်ပြီး တွေ့ရှိချက်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့
ပြန်လည် အစီရင် တင်ပြမည့် အနေအထားမျိုး ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment