Pages

Thursday, October 10, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ဒေသခံတို့အတွက် အလုပ်အကိုင် ဖန်တီးပေးရန် ကြေညာချက်ထုတ် တောင်းဆို


Thursday, October 10, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်ရန်ရှိသော အထူးစီးပွားရေးဇုန်မှ ဒေသခံများအတွက် အလုပ်အကိုင်ဖန်တီးပေးရန် တောင်းဆိုချက်အပါအ၀င် အချက်ခြောက်ချက်ကို ကျောက်ဖြူဒေသ ကျေးရွာ ၄၂ ရွာမှ လူထုက အောက်တိုဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဒေသခံများ နစ်နာမှုများစွာရှိခဲ့သောကြောင့် ထပ်မံ အကောင်အထည်ဖော်မည့် အထူစီးပွားရေးဇုန်စီမံကိန်းတွင် ထိုသို့နစ်နာမှုများမရှိစေရန် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် ဒေသခံများ အစည်းအဝေးပြုလုပ်ကာ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

“ရွှေဂက်စ်တုန်းကလည်း ဒေသခံတွေကို ဘာပေးမယ်၊ ညာပေးမယ်ပြောပြီး လုပ်သွားတာပဲ။ မပေးလို့ တောင်းဆိုတော့ ထောင်ချတယ်။ အခု အဲဒီလိုမဖြစ်ရအောင် ကြိုတင်ပြင်ဆင်တာပါ။ ဒါတွေ မဖြည့်ဆည်းပေးရင်အားလုံးက ဒီစီမံကိန်းကို ကန့်ကွက်ပါတယ်”ဟု ပြောသည်။

“ကျွန်တော်တို့ စီမံကိန်းကို ဖျက်လိုဖျက်ဆီးလုပ်တာ မဟုတ်ပါဘူး။ ရသင့်ရထိုက်တာကို တောင်းဆိုတာပါ။ ဒါတွေ ဖြည့်ဆည်းပေးရင် ဒီစီမံကိန်းကို ကြိုဆိုပါတယ်”ဟုလည်း ဦးထွန်းလွင်က ပြောသည်။

ကျေးရွာ ၄၂ ရွာမှ သဘောတူ ထုတ်ပြန်တောင်းဆိုခဲ့သည့် အချက်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ပေးရန်၊ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပေးဆောင်ရန်၊
ဒေသခံများကို အထူးစီးပွားရေးဇုန်အတွင်း အလုပ်အကိုင် ခန့်ထားရန်၊ ပြောင်းရွှေ့ခံထားရသော ကျေးရွာများမှ အိမ်ထောင်စုများကို စနစ်တကျ ပြန်လည်နေရာချထားပေးရန်စသည့် အချက်များ ပါဝင်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်မြေဧက ၃၀၀၀ ခန့်ရှိပြီး ဇုန်သတ်မှတ်နေရာများတွင် သိပ်ပုတ်တောင်၊ စည်မော်၊ ကြံချိန်နှင့် စစ်တောကျေးရွာများ ပါဝင်နေသဖြင့် ဒေသခံများက စီမံကိန်းကြောင့် မြေမဲ့ယာမဲ့ဖြစ်သွားမည်ကို အထူးစိုးရိမ်နေကြသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ကေဇင်ဦး
Mizzima - News in Burmese

No comments:

Post a Comment