Pages

Thursday, October 31, 2013

တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာမီလီယံ ၅၀ ကျော်တိုးတက်လာပြီး ဟောင်ကောင်မှ အများဆုံးဖြစ်

31.10.2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကန်ဒေါ်လာမီလီယံ ၅၀ ကျော် တိုးမြင့်လာခဲ့သည့်အနက် ဟောင်ကောင်မှာ ၁၂ မီလီယံကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး တိုးတက် လာကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးကော်မရှင်၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

စက်တင်ဘာ တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏသည် ကန်ဒေါ်လာ ၅၃ ဒဿမ ၄၅၉ မီလီယံ တိုးတက်လာခဲ့ပြီး ဟောင်ကောင်က ကန်ဒေါ်လာ ၁၂ ဒဿမ ၄၅၆ မီလီယံတိုးလာခြင်း ဖြစ်သည်။

ထိုသို့ဝင်ရောက်ရာတွင် ဗြိတိန်နိုင်ငံက ကန်ဒေါ်လာ ၁၀ ဒသမ ၀၈၄ မီလီယံဖြင့် ဒုတိယအများဆုံး တိုး လာပြီး တောင်ကိုရီးယားနိုင်ငံကကန်ဒေါ်လာခုနစ်မီလီယံဖြင့်တတိယအများဆုံးတိုးမြင့်လာကြောင်း ဖော်ပြ ထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံ၌သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင်သာ အများဆုံးဝင်ရောက်လုပ်ကိုင်ကြခြင်းဖြစ်သော်လည်းစက်တင်ဘာလအတွင်းကမူစိုက်ပျိုးရေးနှင့် မွေး 

 မြူရေးလုပ်ငန်းနှစ်ခုနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတစ်ခုတို့တွင် ၀င်ရောက် လုပ်ကိုင် ထားသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက“အသီးသီးဝင်လာတဲ့ နိုင်ငံတွေက ဘယ်လုပ်ငန်းကဏ္ဍတွေမှာ ၀င်ရောက်လုပ်ကိုင်ကြလဲဆိုတာ အရေးကြီးတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေး ကဏ္ဍမှာဝင်လာတဲ့ ကုမ္ပဏီဆိုတာကလည်း ဓာတ်မြေသြဇာရောင်းတာ၊ မြေ၀ယ်အပင် စိုက်တာ မျိုး လောက်ဆိုရင် တိုင်းပြည်အတွက် သိပ်အကျိုးမဖြစ်နိုင်လောက်ဘူး။ တကယ်လိုအပ်နေတဲ့ ကဏ္ဍတွေ ကိုထိထိရောက်ရောက်ဝင်ပြီးရင်းနှီးမြှုပ်တဲ့သူတွေများလာမှာ နိုင်ငံကပြောင်းလဲမှာ”ဟုပြောသည်

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရာတွင်မူ ကုန်ထုတ်လုပ်ငန်းများ၌ အများဆုံးဖြစ်နေပြီး ကုမ္ပဏီ ၁၂ ခုမှ ကန်ဒေါ်လာ ၃၇ ဒသမ ၆၀၉ မီလီယံရင်းနှီးမြှုပ်နှံမှုတိုးလာခြင်းဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်မူ ကုမ္ပဏီနှစ်ခုသာ ၀င်ရောက်ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၆ ဒသမ ၆၁ မီလီယံဖြင့်လည်းကောင်း ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းတွင် ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၅ ဒသမ၂ မီလီယံနှင့် သတ္တတူးဖော်ရေးလုပ်ငန်းတွင်မူ ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာလေးမီလီယံဖြင့် တိုး တက်လာခြင်းဖြစ်သည်။

နိုင်ငံအလိုက် ၀င်ရောက်လာသည့် ကုမ္ပဏီများမှာလည်း တစ်လအတွင်းရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ် သည့် ဟောင်ကောင်မှ ကုမ္ပဏီလေးခု၊ ဒုတိယ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည့် ဗြိတိန်နိုင်ငံက ကုမ္ပဏီ နှစ်ခု နှင့် ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခု ၀င်ရောက်ထားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁၄၁၁၅ ဒသမ ၀၂၅ ဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ကိုင်နေသည်။


Mizzima

No comments:

Post a Comment