Pages

Wednesday, October 30, 2013

သံလွင်မြစ်တစ်လျှောက်ရေကာတာစီမံကိန်းများကြောင့် ထိခိုက်နစ်နာမှု များနှင့်ပတ်သက်ပြီး လူထုအခြေပြုအဖွဲ့အစည်းများက အစိုးရများထံတောင်းဆိုမည်

30.10.2013

သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ပြည်တွင်းဒေသအချို့တွင် ရေကာတာစီမံကိန်းခြောက်ခု တည်ဆောက် ရန်ရှိပြီး အဆိုပါစီမံကိန်းများကြောင့် ထိခိုက်နစ်နာမှုများ၊ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရန်စသည့် အချက်များပါသော တောင်းဆိုမှုများကို လူထုအခြေပြုအဖွဲ့အစည်းများက အစိုးရများထံတောင်းဆိုသွား မည်ဖြစ်သည်ဟု အောက်တိုဘာ ၂၉ တွင် အဆိုပါ အဖွဲ့အစည်းများက ပြောသည်။

၎င်းတို့ကယင်းသို့ပြောကြားခြင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိဒိုင်းမွန်းကွန်ဒိုတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင်ဖြစ်ပြီး ရေကာတာဆောက်လုပ်မည့်ဒေသများဖြစ်သည့် မွန်၊ ကရင်၊ ကယားနှင့် ရှမ်းပြည် နယ်ရှိ လူထုအခြေပြုအဖွဲ့အစည်းများက စီမံကိန်းဆောက်လုပ်ရာတွင်ပါဝင်သော နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှအစိုးရများနှင့် မြန်မာအစိုးရတို့အပြင် စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီများထံသို့ တောင်းဆိုမှုများပြုလုပ်သွားမည်။

စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန်နှင့်ပတ်သက်၍ သံလွင်ချစ်သူအဖွဲ့မှ နန်းခမ်းလှိုင်က “ကယားပြည် နယ်ကရွာသစ်ရေကာတာကြောင့် စစ်ပွဲတွေဖြစ်ပေါ်လာရတယ်၊ ရပ်ရွာကို စွန့်ခွာခဲ့ ရတဲ့ ဒေသ ခံတွေ ဒေသ မှာအတည်တကျပြန် နေလိုကြတယ်၊ ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် တွေကိုအစိုးရက ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြီး လူထုကခွင့်ပြုမှစီမံကိန်းကို အကောင် အထည်ဖော်သင့် ပါတယ်၊ စီမံကိန်းနဲ့ပတ်သက်တဲ့ စစ်တမ်းတွကိုလူသိရှင်ကြား ထုတ်ပြန်ပေးစေချင်ပါတယ်” ဟုပြော သည်။

အဖွဲ့အစည်းများက တောင်းဆိုရာတွင် သံလွင်မြစ်ကြောင်းတစ်လျှောက်ရှိ ရေကာတာများ၏ အကျိုး သက်ရောက်မှုများကြောင့် ဒေသခံများထိခိုက်နစ်နာမှုများ၊ ရေကာတာ စီမံကိန်းများတည်ရှိရာ ပြည်နယ် များရှိဒေသခံများကို စီမံကိန်းမှရသည့်အကျိုးရလဒ်များကို ခွဲဝေပေးရန်၊ စီမံကိန်းများ တည်ဆောက် လျှင် ဒေသခံများထံမှခြိမ်းခြောက်မှုကင်းသော သဘောဆန္ဒကိုရယူပေးရန်၊ ဒေသခံရပ်ရွာ အခြေပြု အဖွဲ့စည်း များကိုအစိုးရမှ ချုပ်ကိုင်ထားခြင်းမရှိရန်၊ ဒေသခံများပါဝင်သည့် လူထုအခြေပြု အဖွဲ့အစည်းများကို လွတ် လပ်စွာဖွဲ့ခွင့်ပေးရန်တို့ ပါဝင်သည်။

သံလွင်မြစ်တစ်လျှောက်ရှိ ရေကာတာစီမံကိန်းဖြစ်သည့် ကယားပြည်နယ်ရွာသစ်ရေကာတာ စီမံကိန်း ကြောင့် ၁၉၉၆ ခုနှစ်မှစ၍ ဒေသခံနှစ်သိန်းကျော်သည် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟုကယားပြည်နယ် ဒေသခံများပါဝင်သော သံလွင်ချစ်သူအဖွဲ့မှ နန်းခမ်းလှိုင်ကပြောသည်။

သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာတစ်လျှောက်ရှိ ရှမ်းပြည်နယ်၊ ကရင်နှင့် ကယားပြည်နယ်တို့တွင် ရေကာ တာခြောက်ခုကို တည်ဆောက်မည်ဖြစ်ရာ ရှမ်းပြည်နယ်တွင်ကွမ်းလုံရေကာတာ၊ နောင်ဖရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(၀ါ) မိုင်းတုံရေကာတာနှင့် ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာတို့ကို အစိုးရကထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ကုမ္ပဏီများနှင့် ပူးပေါင်း၍ တည်ဆောက်မည်ဖြစ်သည်။

ရှမ်းပြည်နယ်တွင်တည်ဆောက်မည့် ရေကာတာလေးခုကြောင့် ကျေးရွာပေါင်း ၁၉၇ ရွာ ပြောင်းရွှေ့ခဲ့ရပြီး တာဆန်းရေကာတာ တစ်ခုတည်းကြောင့် မိုင်းပန်နှင့် မိုင်းတုံမြို့နယ်အပါအ၀င် တာဆန်းရေကာတာအနီး တ၀ိုက်ရှိကျေးရွာကိုးရွာ ပြောင်းရွှေ့ခဲ့ရသည်ဟုလည်း ရှမ်းသဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းအဖွဲ့၏ တာဝန်ခံစိုင်းခေးဆိုင်က “ကွမ်းလုံရေကာတာနားမှာရှိတဲ့ ရွာတွေရွှေ့ပေးခဲ့ရတယ်၊ မရွှေ့ရင် ရွာတွေရေအောက်မြုပ်သွားနိုင်တယ်လို့ စီမံကိန်းတည်ဆောက်သူတွေက ပြောတယ်” ဟု ပြောသည်။

အဆိုပါ စီမံကိန်းဆောက်လုပ်မည့်နေရာများသည် မွန်ပြည်နယ်အတွင်းတွင် မရှိသော်လည်း ထိုရေကာ တာများဆောက်လုပ်ခြင်းကြောင့် မွန်ပြည်နယ်ရှိ လူထုမှာဆိုးကျိုးများကြုံတွေ့နိုင်သည့် အတွက်လည်း ယင်းသို့ တောင်းဆိုမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။


Mizzima

No comments:

Post a Comment