Pages

Wednesday, October 16, 2013

တရားမဝင် တင်သွင်းမှုများတွင် အရက် ဘီယာနှင့် ဆီများ အများဆုံးဖြစ်


ပြည်တွင်းသို့ တရားမဝင် တင်သွင်းမှုများတွင် အရက်၊ ဘီယာနှင့် ဆီများသည် အဓိက ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်းတရားမဝင် သွင်းကုန်များတွင် အရက်နှင့် ဘီယာသည် အခွန် ၅ဝ ရာခိုင်နှုန်း ဆောင်ပြီးမှသာ တင်သွင်းရသော ကုန်ပစ္စည်းများ ဖြစ်သည်။

ယင်းကုန်စည်များကို နည်းမျိုးစုံ အသုံးပြု၍ တင်သွင်းမှုများ ရှိနေပြီး ယခုအချိန်တွင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှု များကြောင့် ဖမ်းဆီး ရမိသော ကုန်ပစ္စည်းများမှာ ငွေကျပ် ဘီလီယံချီ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းသို့ ကုန်ပစ္စည်း တင်သွင်းမှုများသည် ယခုနောက်ပိုင်း အချိန်တွင် ပိုမိုများပြား လာခြင်းမှာ မိုဘိုင်းလ်တင်း အဖွဲ့များ၏ ပိုမိုစိစစ်ကြပ်မတ် လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ကုန်ပစ္စည်း တင်သွင်းမှုများ အရ ပို့ကုန်၊ သွင်းကုန် တင်ပို့ရာတွင် ကုန်သည်များ အဆင်ပြေစေပြီး ပို့ကုန်တန်ဖိုး မြင့်တက်လာစေရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စည်းမျဉ်း စည်းကမ်းများ လျှော့ချပေးမှုများ ရှိနေပြီး ကုန်သည်များသည်လည်း တရားဝင် အခွန်ဆောင်ပြီးမှသာ တင်သွင်းသင့်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းရာတွင် တရားမဝင် သွင်းကုန်များကို နယ်စပ်ဂိတ်များ အပြင် ရေလမ်းကြောင်းမှ အများအပြား တင်သွင်းနေပြီး ထိုတရားမဝင် ပစ္စည်းများသည် ခွင့်ပြု ထားသော ကုန်ပစ္စည်း အမည်များနှင့် လွဲချော် တင်သွင်းမှုများသာ အဓိက ဖြစ်သည်။ ထို့ပြင် တရားဝင် ခွင့်ပြုထားသော အရေအတွက်ထက် ပိုမိုတင်သွင်း သောကြောင့်လည်း တရားမဝင် ပစ္စည်းများကို အများဆုံး ဖမ်းဆီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။

Credit :Myawady

No comments:

Post a Comment