Pages

Friday, October 11, 2013

အစိုးရ၏ ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၁၆ သိန်းကျော် ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံ


Friday, October 11, 2013 

ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်များ၊ ချေးငွေလုပ်ငန်း အသုံးစရိတ်များနှင့် ထောက်ပံ့ငွေများအတွက် ဘတ်ဂျက်လိုငွေ ကျပ် ၁,၆၉၈,၇၁၂ သန်းကို နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့်အတူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ဘဏ္ဍာရေးကော်မရှင်က တင်ပြလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁,၃၉၄,၁၁၆ သန်း၊ ပြည်ပ အကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ကျပ် ၂၂၇,၂၂၂ သန်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းများ အတွက် ထောက်ပံ့ငွေ ကျပ် ၇၇,၃၇၄ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးရန် တောင်းခံလာခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ 

ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ် လိုငွေ ကျပ် ၁,၃၉၄,၁၁၆ သန်းကို ယခုနှစ် ပြီးစီးမည့် ဆောင်ရွက်ဆဲ လုပ်ငန်းများအတွက်သာ ဦးစားပေး လုပ်ဆောင်ရန်နှင့် လုပ်ငန်းသစ် စီမံကိန်းများကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်ရန် ဘဏ္ဍာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောဆိုထားသည်။“ဒီတောင်းခံမှုကို ငွေစာရင်း ကော်မတီရဲ့ သုံးသပ်ချက်နဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွားပါမယ်” ဟု ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က The Voice သို့ ပြောသည်။

ယင်းငွေတောင်းခံမှုကို လာမည့် တစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြည်ထောင်စုအစိုးရက တောင်းခံသော ငွေများမှာ အဓိကအားဖြင့် လစာစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်သွင်း ပေးဆောင်ရန်ငွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လိုငွေ၊ လျှပ်စစ်မီတာခ၊ ဓာတ်ဆီ ဈေးနှုန်းများ တိုးမြှင့်မှုအတွက် လိုငွေ၊ ပြည်ပ ကြွေးမြီအပေါ် ပေးချေရသည့် အတိုးများ၊ ရှင်းလင်းရေး အသုံးစရိတ်များ၊ နေပြည်တော် စည်ပင်သာယာရေး အသုံးစရိတ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုငွေများ ပေးချေရန် ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင်၏ လွှတ်တော်သို့ တင်ပြချက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment