Pages

Saturday, October 12, 2013

အင်္ဂလန်ဟာ အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်နေပါပြီ

အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နီနှင့် အင်တာဗျူး

ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့ အချိန်ကြာမြင့်စွာဝေးကွာနေခဲ့တဲ့ အင်္ဂလန်အသင်းအတွက် အရေးကြီးတဲ့အချိန်ပါပဲ။ အုပ်စု(ဇ)ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ဒုတိယနေရာက ယူကရိန်း၊ တတိယနေရာက မွန်တီနီဂရိုးတို့နဲ့ အမှတ်ကွာဟချက် ကျဉ်းမြောင်းနေတဲ့ အနေအထားပါ။ ဒါပေမဲ့ မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဝိန်းရွန်နီကတော့ အင်္ဂလန်အသင်းရဲ့ လက်ရှိတိုက်စစ်အစုအဖွဲ့က သူဖြတ်သန်းခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး အင်္ဂလန်တိုက်စစ်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မွန်တီနီဂရိုးနဲ့တွေ့ရမယ့် အနေအထားက အင်္ဂလန်အသင်းအတွက် ခက်ခဲနိုင်သလား။

လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်က အုပ်စုတွင်းမှာ အကောင်းဆုံးပဲလို့ ထင်တယ်။ ကျွန်တော်၊ ဝဲလ်ဘတ်နဲ့ စတူးရစ်ခ်ျတို့က အကောင်းဆုံး အဆုံးသတ်နိုင်စွမ်းရှိတဲ့ လူတွေချည်းပါပဲ။ ကျွန်တော်တို့ရဲ့နောက်မှာ ရစ်ကီလမ်းဘတ်လည်း ရှိနေသေးတယ်။ ဒါဟာ ကျွန်တော် ကစားခဲ့တဲ့ အင်္ဂလန်ကစားသမားသက်တမ်း တစ်လျှောက် အကောင်းဆုံးတိုက်စစ်လို့တောင်ကျွန်တော် ပြောနိုင်တယ် ။ ဒီအနေအထားမှာ မွန်တီနီဂရိုးကို ကျွန်တော်တို့ အနိုင်ကစားနိုင်မယ် ဆိုတာ သေချာသလောက်ပါပဲ။

အင်္ဂလန်အသင်းရဲ့သမိုင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့တဲ့ သာဓကတွေလည်းရှိတော့ အဲဒါကို ခင်ဗျား မစိုးရိမ်ဘူးလား။

ဟုတ်တယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကျွန်တော်တို့ တော်တော် အထိနာခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အသင်းမှာ အတွေ့အကြုံရှိကစားသမားတွေလည်းရှိနေပြီ၊ လူငယ်ကစား သမားကောင်းတွေလည်း ရှိနေပြီ။ အသင်းရဲ့ အဓိက ကစားသမားတွေလို့ပြောရမယ့် လမ်းပတ်၊ ဂျရတ်တို့ကလည်း သူတို့ရဲ့အကောင်းဆုံးအတွေ့အကြုံတွေကို ဖြတ်သန်းပြီးကြပြီ။ အဲဒီလူစာရင်းနဲ့တော့ ခြေစစ်ပွဲမအောင်ဖို့အကြောင်းကို ကျွန်တော်တို့ စိတ်ပူစရာလိုမယ်မထင်ပါဘူး။

အင်္ဂလန်ရဲ့တိုက်စစ်ပိုင်းမှာ ခင်ဗျား ဘယ်သူတွေနဲ့ နေရာလုရမလဲ။

ကျွန်တော့်ရဲ့နေရာအတွက် အဓိက ခြိမ်းခြောက်နေတဲ့ တိုက်စစ်မှူးတွေတော့ ရှိတာပေါ့ဗျာ။ အဓိက ကတော့ ဒီဖိုးနဲ့ ရစ်ကီလမ်းဘတ်ပေါ့။ သူတို့က တကယ့်ကို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေလေ။ ရစ်ကီဆိုလည်း ဆောက်သမ်တန်မှာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး၊ ဒီဖိုးဆိုလည်း သူ့ရဲ့ကျော်ကြားမှုက ဒီနေ့အထိ အရှိန်မသေသေးဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံး လုပ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ကျန်တာကတော့ နည်းပြကြီးရဲ့ ရွေးချယ်မှုပဲပေါ့။

စတူးရစ်ခ်ျနဲ့ ခင်ဗျားရဲ့ အခြေအနေကရော ဘယ်လိုလဲ။ သူဟာ ခင်ဗျားသိပ်မုန်းတဲ့ လီဗာပူးလ်အသင်းက မဟုတ်လား။

လီဗာပူးလ်ကို ကျွန်တော် မုန်းတာ မှန်တယ်။ ဂျရတ်ကို သွားမေးရင်လည်း သူမန်ယူကို မုန်းတယ်လို့ ခင်ဗျားကို ပြောမှာပါပဲ။ ဒါပေမဲ့ နိုင်ငံအသင်းမှာတော့ ဒါတွေ မရှိဘူးဗျ။ အသင်းဖော်တွေဆိုတဲ့ စိတ်ဓာတ်ပဲရှိတယ်။ကျွန်တော်တို့ အောင်မြင်မှုဆီ အတူတကွ သွားကြတယ်။ စတူးရစ်ခ်ျဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် မရှိမဖြစ် ကစားသမားဖြစ်လာခဲ့တယ်။ သူ့ရဲ့ မန်နေဂျာကလည်း သူ့ကိုယုံကြည်တယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ လီဗာပူးလ်အတွက် သူလုပ်ခဲ့တာတွေကို ပြန်ကြည့်ရင်
သိနိုင်တာပဲ။ ကျွန်တော်ထင်တယ်။ ကျွန်တော်သာ သူနဲ့ တွဲကစားရမယ်ဆိုရင် ဒီ့ထက်ပိုပြီး ဂိုးတွေသွင်းနိုင်မှာပါ။

လက်ရှိမှာ အင်္ဂလန်အသင်းကို အဓိက ထိန်းကျောင်းနိုင်တဲ့သူကိုမေးရင် ခင်ဗျား ဘယ်သူ့ကို မှတ်ချက်ပေးမလဲ။

အင်္ဂလန်မှာ ကစားသမားကောင်းတွေ ချည်းပါပဲ (ရယ်လျက်)။ ကျွန်တော်ကြွား ပြောနေတာမဟုတ်ဘူး။ ဒါပေမဲ့ အင်္ဂလန်
အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဂျရတ်ဟာ သိပ်ပြီး အားထုတ်မှုကောင်းတဲ့ ကစားသမားဖြစ်လာတယ်။ အသင်းက လူငယ်ကစားသမားတွေကိုလည်း လမ်းညွှန်မှု ပေးနိုင်သလို တိုက်ပွဲဝင် စိတ်ဓာတ်လည်း ရှိတယ်။ သူဟာ အင်္ဂလန်အသင်းရဲ့
အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဒါဆို ခင်ဗျားတို့ ဘရာဇီးကို သွားနိုင်မယ်လို့ ယုံကြည်နေပြီပေါ့။

သိပ်ဟုတ်တာပေါ့။ ကျွန်တော်တို့က နိုင်ငံအတွက် လုပ်နေကြတာပဲ။ ကျွန်တော်နဲ့ အသင်းဖော်တွေ အကုန်လုံးကလည်း ယုံကြည်မှုရှိတယ်။ လက်ကျန်ပွဲနှစ်ပွဲကို ကျွန်တော်တို့ အနိုင်ကစားကြမယ်။ ပြီးရင် ဘရာဇီးကိုသွားမယ်။


Mizzima - News in Burmese 

No comments:

Post a Comment