Pages

Wednesday, October 23, 2013

ဧရာဝတီမြစ်တွင် တာတမံ အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်း၏ လေ့လာမှု ဒုတိယအဆင့်အဖြစ် ရန္တပိုရွာအနီး ရေလမ်းကြောင်းကို ရွေးချယ်

23-10-2013

ဧရာဝတီမြစ်တွင် တာတမံ အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်း ၏ လေ့လာမှု ဒုတိယအဆင့်အဖြစ် ရန္တပိုရွာအနီး ရေလမ်းအား ရွေးချယ် ထားကြောင်း ရေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ပူးပေါင်း၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ပထမအဆင့် ပြုလုပ်ခဲ့သည့် မြန်မာပြည် အလယ်ပိုင်း ရေလမ်းကြောင်းနေရာ လေးခုအနက် ဒုတိယအဆင့်အား ဆက်လက်လုပ်ဆောင်ရန် ရန္တပိုရွာအနီး ရေလမ်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ပူးပေါင်း၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ပထမအဆင့် ပြုလုပ်ခဲ့သည့် ရေ လမ်းကြောင်း များမှာ ရန္တပိုရွာအနီး ရေလမ်းကြောင်း၊ ချောက်မြို့အနီး လမ်းရွာရေလမ်းကြောင်း၊ မင်းလှမြို့အနီး မင်းလှရေလမ်းကြောင်းနှင့် အောင်လံမြို့အနီး ရုံးဆိပ်ရေလမ်းကြောင်းတို့ ဖြစ်သည်။

အဆိုပါ ရေလမ်းကြောင်း လေးနေရာအနက် ရန္တပိုရွာအနီး ရေလမ်းအား ရွေးချယ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ မိုးနည်းရေရှား ဒေသအတွင်း စိုက်ပျိုးရေ ဖူလုံစွာ ရရှိရေး၊ ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ပြီး ရာသီဥတု ကောင်းမွန်လာစေရေးနှင့် မြေအောက်ရေ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရွေးချယ် ရခြင်းဖြစ်ကြောင်း သိရသည်။

"မြန်မာပြည် အလယ်ပိုင်းမှာ တာတမံအနိမ့် တည်ဆောက်တာက လျှပ်စစ်ဓာတ်အား ထုတ်ရောင်းဖို့ တစ်ခုတည်းအတွက် ဆည်ဆောက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ Special project အနေနဲ့ အပူပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ နိုင်ငံတော်အဆင့် လုပ်ဆောင်ချင်တာပါ" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်း၏ ပထမအဆင့် လေ့လာမှုလုပ်ငန်း ပြီးဆုံးပြီဖြစ်သဖြင့် ဒုတိယအဆင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လာကြောင်း သိရသည်။ ထို့ကြောင့် လေ့လာမှု ဒုတိယအဆင့်အား ယူရို ၇ ဒသမ ၂ သန်း ကုန်ကျမည်ဟု ဘယ်လ်ဂျီယမ်နိုင်ငံမှ SBE nv Engineering ကုမ္ပဏီမှ အဆိုပြုထားခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယမ်နိုင်ငံမှ ယူရို ၇ ဒသမ ၂ သန်းကုန်ကျမည်ဟု အဆိုပြုထားခြင်းအပေါ် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ဆောင်သင့်မသင့်အား ပြည်သူများထဲမှ ပညာရှင်များ၏ အကြံပြုချက်အား တောင်းခံထားကြောင်း သိရသည်။

ဧရာဝတီမြစ်ပေါ်ရှိ ရေလမ်းကြောင်း နေရာများတွင် တာတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်မည့် ဓာတ်အားပမာဏမှာ တစ်နေရာလျှင် မဂ္ဂါဝပ် ၁၅၀ မှ ၂၀၀ ထုတ်ယူနိုင်မည်ဖြစ်၍ ဌာနမှ လျာထားသည့် ရေကြောင်းနေရာ ၁၆ ခုတွင် တာတမံ အနိမ့်များ တည်ဆောက်ပြီးစီးပါက စုစုပေါင်းခန့်မှန်းခြေ မဂ္ဂါဝပ် ၂၄၀၀ မှ ၃၂၀၀ အထိ ထုတ်ယူနိုင်မည်ဟု သိရသည်။


EMG

No comments:

Post a Comment