Pages

Thursday, October 17, 2013

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကလေးများ ပဋိပက္ခကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေ


သံတွဲမြို့ အခြေခံပညာ ကျောင်းတစ်ကျောင်းရှိ ကလေးအချို့အား အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Thursday, October 17, 2013

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအနက် ထက်ဝက်ကျော်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်နေပြီး ယင်းကလေးငယ်များမှာ ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်)ဌာနေ ကိုယ်စားလှယ် မစ္စတာဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။

ရခိုင်ဒေသတွင် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၈ ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလေးသောင်းကျော် နေထိုင်လျှက် ရှိကြောင်းနှင့် ၎င်းတို့အနက် ရှစ်သောင်းလေးထောင်ကျော်မှာ ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသရှိ ကလေးသူငယ်များသည် ပဋိပက္ခများကို ကြုံတွေ့ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီး ပုံမှန်အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ ထိုကလေးသူငယ်များကို မိဘများက အနီးကပ် စောင့်ရှောက်မှုပေးရန် လိုအပ်ကြောင်း၊ ကလေးများအချင်းချင်း အတူတကွနေထိုင် ကစားစေခြင်း(သို့) အပြန်အလှန် စကားပြောစေခြင်း စသည့် နည်းလမ်းတို့ကို အသုံးပြုရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ နည်းလမ်း များဖြင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုမရရှိသည့် ကလေးငယ်များအား ရေရှည် ဆေးကုသမှုပေးရန် လိုအပ်ကြောင်းတို့ကို မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် အရေးပေါ် ထပ်မံလိုအပ်နေကြောင်း သိရသည်။ ထို့ပြင် ယူနီဆက်(ဖ်)အနေဖြင့် ရခိုင်ပြည်နယ်တွင်းရှိ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် အောက်တိုဘာ ၇ ရက် က သတင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

သံတွဲမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သလို အိမ်ခြေ ၁၁၀ ခန့် ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment