Pages

Wednesday, October 23, 2013

ဖွဲ့စည်းပုံပြင်နိုင်မှ ၂၀၁၅ ရွေးကောက်ပွဲ မျှတမည်ဟု ဒေါ်စုပြော

23-10-2013

၂၀၁၅ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ တရားမျှတသည့် ရွေးကောက် ပွဲဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် ယခုလ ၂၂ ရက်က ပြု လုပ်ခဲ့သည့် ဥရောပသမဂ္ဂ ပါလီမန်ကော်မတီများနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်ဟု အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Bloomberg သတင်းဌာန၏ အင်တာနက်စာမျက်နှာ တွင် ရေးသားထားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင်၂၀၁၅ခုနှစ် ရွေးကောက်ပွဲကမျှတမှုမရှိနိုင်ပါဘူး”ဟု ဒေါ် အောင်ဆန်း စုကြည်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အလိုအပ်ဆုံးအရာတစ်ခုဟု ဒေါ်အောင်ဆန်းစုကြည်က ဆို လိုက်ပြီး “ဒါမှသာ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့လမ်းပေါ်မှာ မားမားမတ်မတ် ရပ်တည်နိုင်မယ့် အခြေခံကျပြီး လေးနက်တဲ့ တရားဥပဒေအပေါ်မှာ တည်ဆောက်တဲ့ မူဘောင်တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်”ဟု ပြောသွားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရေးကြီးဆုံးသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး စစ်တပ်၏ သဘော တူညီမှု လိုအပ်သည်ဟုလည်း ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရန် အရည်အချင်း များနှင့် ကိုက်ညီမှုမရှိပေ။ ယင်းဖွဲ့စည်းပုံတွင် သမ္မတဖြစ်သူတွင် အခြားနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားသော သားသမီးများ မရှိစေရဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ ဗြိ တိန်နိုင်ငံသားများ ဖြစ်နေသည့်အတွက် သူမအနေဖြင့် သမ္မတအဖြစ် ရွေးချယ်ခံနိုင်ရန် အရည်အချင်းနှင့် မကိုက်ညီခြင်းဖြစ်သည်။

“စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ရရှိဖို့အတွက် ကျွန်မတို့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ လုံးဝမကိုက်ညီတဲ့ ဒီဖွဲ့စည်းပုံကို ပြင်ဆင် ခြင်းနဲ့ စတင်ရမှာပါ”ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့ပြီး နိုဝင်ဘာ၂ ရက် တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အီတလီနိုင်ငံတို့သို့လည်း သွားရောက်မည်ဖြစ်သည်။

အောင်မင်း (ဘာသာပြန်သည်)
Mizzima - News in Burmese

No comments:

Post a Comment