Pages

Tuesday, October 1, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်

သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်

1.10.2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေး များတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက် ရမည် ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပြီး ကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို သတ်မှတ်နိုင်ခဲ့သည်။

ထို့နောက် လွှတ်တော်သည် သြဂုတ် ၃၀ ရက်တွင် ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကိုပါ ခေတ္တရပ်နား ထားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဒုတိယ အကြိမ် အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ယခုပြန်လည် စတင်မည့် လွှတ်တော် အစည်းအဝေး ကာလတစ်လျှောက်တွင် ကော်မတီ၏ လုပ်ငန်းစဉ်များကို အလေးထား ဆောင် ရွက်ကြမည်ဟု သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''နောက်လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီအလိုက် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေ ရှိမှာပါ။ အကုန်လုံး ညှိပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်မှာပါ။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်အချက်တွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ။ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို လေ့လာသုံးသပ် တင်ပြဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

လာမည့်လွှတ်တော်တွင် မီဒီယာဆိုင်ရာ ဥပဒေကြမ်း သုံးခုဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းများ အားလုံးကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာသည့် ပြည်ထောင်စု တရားစီ ရင်ရေးဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ ဥပဒေကြမ်း များကို လွှတ်တော်စတင် ကျင်းပသည့်အချိန်မှ တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်နိုင် ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်လွှတ်တော်တွင် ဆောင်ရွက်ရန် ဥပဒေကြမ်းပေါင်း ၃၀ ကျော်ရှိကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်တွင် ပြန်လည် စတင်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေး များတွင် အစိုးရ ၀န်ကြီးဌာန အသီးသီးမှ ထပ်တိုးဘတ်ဂျက်များကို ထပ်မံ တောင်းခံမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် ဘတ်ဂျက်များသည် ထပ်မံတောင်းခံသင့် မသင့်၊ သုံးသင့် မသုံးသင့် ဆိုသည်ကို ၀န်ကြီးဌာနအလိုက် လွှတ်တော်ကော်မတီ အသီးသီးမှ စိစစ်မည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment