Pages

Friday, October 11, 2013

နိုင်ငံ့ဂုဏ်ရည်ဘွဲ့ လစဉ်ချီးမြှင့်ငွေနှုန်းထား မြှင့်ပေးရန် အစီအစဉ် မရှိဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၁၀

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူများကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ချီးမြှင့်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ လစဉ်ချီးမြှင့် ငွေနှုန်းထားများကို တိုးမြှင့်ပေးရန် အစီအစဉ် မရှိကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ လစဉ် ချီးမြှင့်ငွေနှုန်းထား မြှင့်ပေးရန်အစီအစဉ်ရှိမရှိ မေးမြန်းရာ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဂျပန်ခေတ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၂) သို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးချစ်မောင် (ငြိမ်း) (၉၄) နှစ်က နိုင်ငံ့ဂုဏ်ရည် တိုးမြှင့် ခံစားခွင့်ပြုပါရန် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြား စာနှင့် အသနားခံစာ ကော်မတီသို့ လျှောက်ထားစာ ပေးပို့လာသောကြောင့် ယင်းသို့ မေးမြန်း ရခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့နှင့် ပတ်သက်၍ နိုင်ငံတော်ကောင်စီမှ ၁၉၈၀ ပြည့်နှစ်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရရှိခဲ့သူများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ်ချီးမြှင့်ငွေ များကို ပေးအပ်ခဲ့ကြောင်းနှင့် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမှာ အမိန့်ထုတ်ပြန်ခဲ့ပြီး အချိန်တွင် ခံစားခဲ့ပြီး ဖြစ်သဖြင့် လစဉ် ချီးမြှင့်ငွေ နှုန်းထားကို တိုးမြှင့်ပေးရန်မှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ သုံးသပ်ခွင့်ပြု ပေးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသဖြင့် လောလောဆယ်တွင် ဆောင်ရွက်ပေးနိုင် ခြင်း မရှိသေးပါကြောင်း ဦးစိုးမောင်က ဆိုသည်။
“နိုင်ငံ့ဂုဏ်ရည်ဘွဲ့နှင့် ပတ်သက်ပြီး လစဉ်ချီးမြှင့်ငွေ ကိစ္စကို လောလောဆယ် ဆောင်ရွက်ရန် မရှိသေးဘူးပြောတာ လူကြားလို့ မကောင်းဘူး။ အဲဒီလူတွေက နိုင်ငံအပေါ် ကျေးဇူးရှိတယ်။ အဲဒီတော့ အခုကိစ္စကို သမ္မတကို တင်ပြပေး၊ တင်ပြမပေးနိုင်ရင် အမျိုးသားလွှတ်တော်ကို ပြန်တင်ပြပေး” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရရှိထားသူများသည် မြန်မာနိုင်ငံအတွင်း အနည်းငယ်သာ ကျန်ရှိတော့သဖြင့် အစိုးအနေနှင့် လစာချီးမြှင့်ငွေ ထပ်တိုးပေးသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ချီးမြှင့်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမှာ ၃၀၀၀၀ ကျပ် ဖြစ်ပြီး နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမှာ ကျပ် ၁၅,၀၀၀ ဖြစ်သည်။

နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်အတွက် လစဉ် ချီးမြှင့်ငွေမှာ ကျပ် ၆၀၀ နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ချီးမြှင့်ငွေမှာ ကျပ် ၃၀၀ ဖြစ်သောကြောင့် ယနေ့ခေတ် အချိန်အခါနှင့် လိုက်လျောညီထွေမှု မရှိသဖြင့် လစဉ် ချီးမြှင့်ငွေများကို တိုးမြှင့် ခံစားခွင့် ပေးသင့်သည်ဟု အမျိုးသား လွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရရှိသူများအတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ် ချီးမြှင့်ငွေတို့ကို နိုင်ငံတော်ကောင်စီမှ ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် အမိန့်အမှတ် ၁/၈၀ ကို ထုတ်ပြန်ကာ ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment