Pages

Tuesday, October 15, 2013

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် လုံခြုံရေးကြောင့် ယာယီစာသင်ကျောင်းများ မဆောက်လုပ်နိုင်သေး

               ရခိုင်ပြည်နယ်ရှိ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းတွင် စာသင်ကြားနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Tuesday, October 15, 2013 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဒေသများအနက် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် လုံခြုံရေး အခြေအနေအရ ယာယီစာသင်ကျောင်းများ ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ယူနီဆက်(ဖ်) အနေဖြင့် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့များရှိ ကယ်ဆယ်ရေး စခန်းများမှ ကလေးသူငယ်များ ပညာသင်ကြား နိုင်ရေးအတွက် ယာယီမူလတန်း စာသင်ကျောင်းပေါင်း ၂၆ ကျောင်း ဖွင့်လှစ်ပေးထားပြီး ပညာရေး ၀န်ကြီးဌာနနှင့်လည်း ပူးပေါင်းကာ ယင်းဒေသများတွင် ယာယီမူလတန်း စာသင်ကျောင်းပေါင်း ၃၃ ကျောင်းကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ယာယီ စာသင်ကျောင်း တစ်ကျောင်းလျှင် ပျမ်းမျှ ကျောင်းသားဦးရေ ၆၀ ၀န်းကျင် ခန့်အထိ ပညာသင်ကြားနိုင်ပြီး ဆက်လက်၍ စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် Save the Children မှလည်း အလားတူ စာသင်ကျောင်း ၂၀ ခန့်ကို တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။

''ရခိုင်ဒေသက ကလေးသူငယ်တွေက ပုံမှန်စာသင်ကျောင်းကို မသွားနိုင်တော့တာ တစ်နှစ်ကျော် ရှိပါပြီ။ ဒီလိုတစ်နှစ်ခန့် ကြာပြီးနောက် အခြားကလေးတွေနဲ့ တန်းတူလိုက်နိုင်ဖို့ ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ပညာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး ယာယီ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြား ပေးနေတာ ဖြစ်ပါတယ်။ ဒီယာယီ စာသင်ကျောင်းတွေက ပညာရေးက ပုံမှန်ကျောင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည် ကလေးငယ်များအတွက် အနည်းဆုံး စာဖတ်နိုင်အောင်၊ တွက်ချက်နိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်'' ဟု မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment