Pages

Wednesday, October 9, 2013

ကမ္ဗောဇ နေ၀င်ဘုရင်



ညောင်ရွှေစော်ဘွားကြီး ဆာစ၀်မောင်သည် ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၅) ရက် (လပြည့်နေ့) တနင်္ဂနွေနေ့တွင် ခမည်းတော် စောသုဒေ၀ နှင့် မယ်တော် စောနန်းစင့် တို့မှ ဖွားမြင်ခဲ့လေသည်။ ၁၂၁၄-ခုနှစ်၊ သက်တော်ငါးနှစ်သားအရွယ်တွင် ခမည်းတော် စာသုဒေ၀ နတ်ရွာစံတော်မူခြင်းကြောင့်
 မယ်တော် စောနန်းစင့်က စ၀်မောင်ကို မြန်မာနိုင်ငံ အမရပူရမြို့တော်သို့ခေါ်ဆောင်ကာ အိမ်နိမ့်စံ မင်းတုန်းမင်းသားထံ (ရွှေချိန် ၅ပိဿာနှင့်အတူ) ဆက်သအပ်နှံသဖြင့် မင်းတုန်းမင်းသားကြီး၏ သားတော်အဖြစ် မွေးစားခြင်းကို ခံခဲ့ရလေသည်။

မင်းတုန်းမင်းသားကြီး အထွဋ်အထိပ် (ဘုရင်အဖြစ်) သို့ရောက်တော်မူပြီးလျှင် မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းတော်မူ၍ ရွှေထီး၊ ရွှေနန်း သိမ်းမြန်းစိုးစံတော်မူပြီးသည့်နောက် မယ်တော်စောနန်းစင့် နတ်ရွာစံပြီးသည့်အခါ မင်းတုန်းမင်းတရားကြီး၏ မြောက်နန်းမတော်မိဖုရားကြီး၏ သားတော်အဖြစ်ဖြင့်လည်း ထင်ရှားခဲ့လေသည်။ 

သက္ကရာဇ် ၁၂၂၀-ခုနှစ်တွင် ခမည်းတော်မင်းတုန်းမင်းတရားကြီးက စ၀်မောင်အား “ညောင်ရွှေကျမိုင်းရာထူး” ကိုပေးအပ်၍ သားတော်ရင်းများဖြစ်သော စကုစား၊ မက္ခရာစား၊ ညောင်ရမ်းစား မင်းသားများနှင့် အတူ သားတော်ကြီး တစ်ပါးအဖြစ် မြောက်စား ချီးမြှင့်တော်မူကာ အပါးတော်၌ ခစားစေခဲ့လေသည်။

၁၂၂၇-ခုနှစ်၊ သက်တော် (၁၈) နှစ်အရွယ်တွင် ခမည်းတော်မင်းတုန်းမင်းတရားကြီး သားတော်ကြီးစ၀်မောင်အား ကျီဝန် ၀န်စု၊ ငွေခန်ဝန် ၀န်စု၊ နှင့် တကွ မြေလတ်ကျေးရွာများကိုပါ အုပ်ချုပ်ရသော “ညောင်ရွှေစော်ဘွားကြီးအရာ” ထီးဖြူ၊ ရွှေပိန်းချရာဇပလ္လင်နှင့်တကွ “ပဒေသရာဇ်မင်းအဖြစ်” ချီးမြှင့်တော်မူခဲ့ပေသည်။

“ကမ္ဗောဇရဌ မဟာဝံသ သိရီပ၀ရ သုဓမ္မရာဇာ” ဟူသော ဘွဲ့ထူးကိုပေးအပ်၍ ထီးဖြူ၊ ရွှေထား၊ ရွှေဖလားများအပြင်၊ ထွက်စည်၊၀င်စည်၊ အဆောင်အယောင်များကိုလည်းကောင်း၊ ဟော်နန်း၌ ပြသာဒ်တင်ခွင့်ကိုလည်းကောင်း ဆောင်နှင်းတော်မူပြီးလျှင် ၃၉ လုံးမိုင်း ရှိသော ညောင်ရွှေမြို့၌ ဘွားစားစုံးစံ အုပ်ချုပ်ရန် သူကောင်းပြုတော်မူခဲ့လေသည်။

ထို့ပြင် ရွှေချိန် (၁၀၈) ကျပ်သားရှိ မြတ်စွာဘုရား၏ ပါဒ စက်လက္ခဏာပုံတော်၊ ပတ္တမြားကိုရစ် ရွှေစစ်ကွပ်သံလျက်တော် တို့နှင့်တကွ မြတ်စွာဘုရား၏ ဓါတ်တော် မွေတော်အစစ်များကိုလည်း ချီးမြှင့်တော်မူခဲ့လေသည်။ အထူးခွင့်ပြုချက်တရပ်မှာ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်းဟော်နန်းတော်ရှေ့၌ မြင့်မိုရ်တောင်ပုံဆောက်လုပ်၍ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ခုနှစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်မှ လူ့ရပ်ထံ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ကြွမြန်းတော်မူဟန် စီမံ၍ ပူဇော်နိုင်ခွင့်ကို ပေးအပ်တော် မူခဲ့လေသည်။ ဤအခွင့်အရေးမှာ ရှမ်းကိုးပြည်ထောင် စော်ဘွားများအနက် ညောင်ရွှေစော်ဘွားတစ်ဦးတည်သာ ရသော အခွင့်ထူးတရပ်ဖြစ်ပေသည်။

ခမည်းတော် မင်းတုန်းမင်းတရားကြီးမှာ “နေထွက်ဘုရင်” ဖြစ်၍ နေ့ပဟိုရ်၊ ညဥ့်ပဟိုရ် အပြည့်တီးရပေသည်။ ညောင်ရွှေစော်ဘွား စ၀်မောင်မှာကား “နေ၀င်ဘုရင်” ဖြစ်၍ ညဥ့်ပဟိုရ်လေးကြိမ်သာ တီးခွင့်ရလေသည်။ စော်ဘွားကြီး စ၀်မောင်သည် (၂၉) ဆက်မြောက် ညောင်ရွှေစော်ဘွားကြီး အဖြစ်စိုးစံအုပ်ချုပ်ရလေသည်

(ရှမ်းပြည်နယ်လုံးဆိုင်ရာ ၀ိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ရွှေရတု သမိုင်းစာအုပ်၊ စာမျက်နှာ ၇။ ၈ မှကောက်နုတ်ဖော်ပြသည်။) ဆက်လက်ဖော်ပြပါဦးမည်။

No comments:

Post a Comment