Pages

Thursday, October 10, 2013

မြန်မာပြည်မှ ပျောက်ကွယ်တော့မည့် လူမျိုးစုများဓာတ်ပုံပြပွဲ ဆွီဒင်နိုင်ငံတွင် ကျင်းပမည်


Thursday, October 10, 2013

ဘန်ကောက်အခြေစိုက် အမေရိကန်လူမျိုး ဓာတ်ပုံဆရာ Richard K. Diran ရိုက်ကူးခဲ့သည့် မြန်မာနိုင်ငံအတွင်းမှ ပျောက်ကွယ်တော့မည့် လူမျိုးစုများ(The Vanishing Tribes of Burma) ဓာတ်ပုံပြပွဲကို ဆွီဒင်နိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်သည်။ ယင်းဓာတ်ပုံပြပွဲအား စတော့ဟုမ်းမြို့ရှိ မြို့တော်အနုပညာခန်းမတစ်ခုတွင် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း အရုဏ်ဦး လူမှုအဖွဲ့ဆောင်အဖွဲ့မှ ဒါရိုက်တာကျင်ခန်းလျန်က မဇ္ဈိမသို့ ပြောသည်။

ယင်းသို့ သွားရောက်ပြသမည့် ဓာတ်ပုံများမှာ မြန်မာနိုင်ငံအတွင်း၌ စက်တင်ဘာ ၂၈ ရက်က အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ဓာတ်ပုံများဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်း ပျောက်ကွယ်တော့မည့် လူမျိုးစုများ၏ ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များအား သိရှိနိုင်စေရန် ရည်ရွယ်ကာ ပြည်ပနိုင်ငံများတွင် ကျင်းပရခြင်းဖြစ်သည်။

“အင်းလျားလိတ်ဟိုတယ်မှာ ပြသခဲ့တဲ့ ဓာတ်ပုံတွေကို ဒုတိယအကြိမ် ပုံထုတ်ပြီး ပြတာပါ။ ဆွီဒင်နိုင်ငံက ပြတိုက်တစ်ခုခုမှာ အခုဓာတ်ပုံတွေကို လှူဒါန်းဖို့ စီစဉ်ထားပါတယ်”ဟု ကျင်ခန်းလျန်က ပြောသည်။

Richard K. Diran သည် နှစ်ပေါင်း ၃၀ ခန့်က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့်နေထိုင်ကာ မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ၎င်းအနှစ်သက်ဆုံးဓာတ်ပုံ ၇၀ ခန့် ပြသခဲ့ခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံတွင် ပြသမည့်ပြပွဲကို မြန်မာနိုင်ငံရှိ Ar Yone Oo Social Development Association အဖွဲ့နှင့် Swedish Peace And Arbitration Society အဖွဲ့ စသည်တို့ပူးပေါင်းကာ ကျင်းပခြင်းဖြစ်သည်။

မိုးသူ
Mizzima - News in Burmese

No comments:

Post a Comment