Pages

Thursday, October 10, 2013

မြန်မာ့တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများလျှော့ချနိုင်ရေးတပ်ပိုင်းဆိုင်ရာဆွေးနွေးမှုများသီးသန့်ပြုလုပ်

10.10.2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ဆွေးနွေးပွဲဒုတိယနေ့ ၌ တပ်ပိုင်းဆိုင်ရာကိစ္စများ
ဆွေးနွေးရာအားရကျေနပ်ကြောင်း မြန်မာ့တပ်မတော်ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကပြောသည်။

''ဒီနေ့ဆွေးနွေးပွဲမှာ အသေးစိတ် နှစ်ဖက်အကျေအလည်ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းတဲ့အပိုင်း မှာတော့ အားရကျေနပ်စရာတွေ အများကြီးပါ။ အထူးသဖြင့် နှစ်ဖက်တပ်တွေပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာသာမန်ပစ် (၂၉)ကြိမ်ဖြစ်ခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲပြီးနောက်ပိုင်းမှာအလားတူမဖြစ်ဖို့ နှစ်ဖက်အကျေအလည်ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ တပ်နေရာချထားမှုကိစ္စတွေကိုလဲပဲ ကျွန်တော် တို့ ယခင်ဆွေးနွေးပွဲထက် ပိုမိုဆွေးနွေးနိုင်ခဲ့တဲ့အပိုင်းတွေရှိတယ်'' ဟု ပြောသည်။

တပ်ပိုင်းဆိုင်ရာဆွေးနွေးမှုများနှင့်ပတ်သက်၍ အဖြေမထွက်သေးသော်လည်း အဖြေရရှိရန် ကြိုးစားနေဆဲဖြစ်ပြီး ဆွေးနွေးပွဲ စတင်ကျင်းပသည့်ရက်မှစကာ ယနေ့ဆွေးနွေးမှုအထိ ကျေနပ် အားရကြောင်း KIO မှ ဗိုလ်ချုပ်ဂွမ်မော်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။ 

တိုက်ပွဲဖြစ်နိုင်သည့် နေရာများကိုလည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် ယခုလိုဆွေးနွေးနိုင်ခြင်းသည် ကချင် ပြည်နယ်အတွက် ငြိမ်းချမ်းရေးနိမိတ်လက္ခဏာရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ထပ်မံပြောသည်။

''ဒီမနက် ကျွန်တော်တို့အဓိကအချက် နှစ်ချက်ပဲ ဆွေးနွေးတယ်။ ဒီကြားထဲမှာ ကျွန်တော် တို့ ဘာဖြစ်လို့တိုက်ပွဲတွေဖြစ်ကြသလဲ
ဆိုတဲ့အချက်နဲ့ နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ် ကြမလဲဆိုတဲ့ အချက် နှစ်ခုကိုဆွေးနွေးတာပါ။ အဲ့ဒီတော့ ဒီနှစ်ချက်ကို ဆွေးနွေးပြီး သုံးသပ် တဲ့အခါ အခြားဆွေးနွေးစရာကိစ္စတွေ အများကြီးပေါ်လာတယ်။ အဓိကကတော့ တိုက်ပွဲတွေကို ဘယ်လိုရှောင်ရှားမလဲ၊ တားဆီးမလဲဆိုတဲ့လက်တွေ့မူပါ။ ကျွန်တော်တို့ကို မီဒီယာက မေးခွန်း မေးတဲ့အခါမှာ အင်မတန်ဖြေရခက်ပါတယ်။ ဘယ်သူကအရင်စပစ်သလဲလို့ ခဏခဏအမေးခံရ ပါတယ်။ အဲ့ဒီတော့ အရင်တွေ့တဲ့လူ စပစ်တာပဲလို့ ပြန်ဖြေရမယ်။ ဒါကြောင့် ဒီနေ့မနက် ဆွေးနွေးတဲ့အခါမှာ အရင်ဖြစ်ခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ဘက်ကအခြေအနေ၊ တပ်မတော်ဘက်က အခြေအနေနှစ်ခုစလုံးအပေါ်မှာ သုံးသပ်ပြီးတော့ ဘာဖြစ်လို့ ပစ်ရတာလဲ၊ မပစ်အောင် ဘယ်လို လုပ်ကြမလဲဆိုတာကို အဓိကဆွေးနွေးခဲ့ပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) အဖွဲ့တို့သည် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ နှစ်ကြိမ်တိုင် တိုင်သီးသန့်ခန်းတွင် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment