Pages

Monday, October 14, 2013

NLD မန္တလေး ပညာရေးကွန်ရက်အတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ ရန်ပုံငွေ ရှာမည်



မန္တလေး၊ အောက်တိုဘာ ၁၃

မန္တလေးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ရန်ပုံငွေ အတွက် လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း ဂီတအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့တွင် မန္တလေးမြို့ လူစည် ကားရာ နေရာလေးနေရာသို့ သွားရောက် ဖျော်ဖြေကာ အလှူငွေရှာမည် ဖြစ်ကြောင်း မန္တလေးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်မှ အဖွဲ့ဝင် ဦးအောင်မျိုးသိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ရန်ပုံငွေ အလှူခံ ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကျောက်စိမ်း ရောင်းဝယ်ရေးစခန်း အနောက်ပေါက် တစ်နေရာ၊ နံနက် ၁၁ နာရီတွင် ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းရှိ ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်၊ ညနေ ၄ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းမပေါ်ရှိ စက်မှုမြို့သစ် (၁) ရှိ ရွှေ မန္တလေးကဖေးဆိုင်၊ ည ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းနှင့် ၆၅ လမ်းထောင့်ရှိ ဘုရင်မ စားသောက်ဆိုင်တို့တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းဂီတအဖွဲ့က ဖျော်ဖြေ၍ အလှူငွေ ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ပညာရေး ရန်ပုံငွေက ကိုယ်တိုင် ရှာဖွေရတာပါ။ ပါတီအနေနဲ့ ထောက်ပံ့တာတွေလည်း ရှိတယ်” ဟု အဆိုပါ အဖွဲ့ဝင် ဦးအောင်မျိုးသိန်းက ဆိုသည်။

မန္တလေးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်အောက် အမရပူရမြို့နယ်၌ အခြေခံပညာ စာသင်ကျောင်း တစ်ကျောင်း၊ ပြည်ကြီးတံခွန် မြို့နယ်၌ အခြေခံပညာ စာသင်ကျောင်းလေးကျောင်း၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း ၂ ၌ အခြေခံပညာ စာသင်ကျောင်း တစ်ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း အဆိုပါ ကွန်ရက်ထံမှ ထပ်မံသိရှိရသည်။


The Voice Weekly 

No comments:

Post a Comment