Pages

Wednesday, October 16, 2013

SEA Games ပြိုင်ပွဲပရိသတ်များ ဒစ်ဂျစ်တယ် လည်ဆွဲကတ် လုပ်ရမည်

16.10.2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲမှ အားကစားနည်း များကို ကြည့်ရှုမည့် ပရိသတ်များ ဒစ်ဂျစ်တယ် လည်ဆွဲကတ် ပြုလုပ်ရမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားသည်။

အားကစားပွဲများကို ကြည့်ရှုလိုသူများ အနေနှင့် ယင်းလည်ဆွဲ ကတ်များ ပြုလုပ်ရန်အတွက် ကျပ် ၂၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ဖြင့် ယင်းကတ်များ ကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ လည်ဆွဲကတ် ပြုလုပ်စေခြင်းမှာ လုံခြုံရေး အခြေ အနေကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

SEA Games ပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပမည်ဖြစ်ရာ ယင်းကတ်ပြားဖြင့် အားကစားနည်း ၃၂ မျိုးသာ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ ယင်းလည်ဆွဲ ကတ်ပြားများ ပြုလုပ်ရန်အတွက် နေရာများကို အားကစားဝန်ကြီးဌာနက နိုဝင်ဘာ လဆန်းပိုင်းတွင် သတ်မှတ်ပေးမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။“ဒီကတ်ရှိတဲ့သူတွေ ဘယ်နေရာမှာရှိတယ်၊ ဘယ်အားကစားပွဲကို ကြည့်နေတယ် ဆိုတာကအစ အကုန်သိနိုင်အောင် ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတာ” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ယူ ကျင်းပမည် ဖြစ်သောကြောင့် ယင်းပြိုင်ပွဲ လက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ရောင်းချ မည် ဖြစ်ကြောင်းနှင့် ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများမှာ ဒေသတွင်း နိုင်ငံများက အိုလံပစ် ကော်မတီ အဖွဲ့ဝင်များ၊ ဒိုင်ဂျူရီများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အစိုးရ အဖွဲ့ဝင်များ လာရောက် ကြည့်ရှုမည် ဖြစ်သောကြောင့် ပရိသတ်အချို့သာ လာရောက် ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦးက ဖြည့်စွက် ပြောကြားသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ရန်ကုန်မြို့တွင် အားကစားနည်း ခုနစ်မျိုး၊ မန္တလေးတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ငွေဆောင်တွင် ရွက်လှေ ပြိုင်ပွဲတို့ ကျင်းပမည် ဖြစ်ပြီး ကျန်အားကစားနည်း ၂၄ မျိုးကို နေပြည်တော်တွင် ကျင်းပမည် ဖြစ်ရာ ယင်းပြိုင်ပွဲ ကျင်းပရန်မှာ ရက်ပေါင်း ၅၆ ရက်သာ ကျန်ရှိတော့သည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment