Pages

Wednesday, October 16, 2013

ရန်ကုန် ရှေးဟောင်းအဆောက်အအုံများ မပျက်စီးစေဘဲ စီးပွားရေးအရ အသုံးချရန် ကြိုးပမ်းမှုခက်ခဲဟု UN Habitat အမှုဆောင်ညွှန်ကြားရေးမှူးဆို

Wednesday, October 16, 2013

ရန်ကုန်မြို့ရှိ ရှေးဟောင်းမြို့ပြ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများကို မပျက်စီးစေဘဲ စီးပွားရေး အရ ပြန်လည်အသုံးချရန် ကြိုးပမ်းမှုသည် ခက်ခဲသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း UN Habitat အမှုဆောင် ညွှန်ကြားရေးမှူး Dr. Joan Clos ၏ ပြောကြားချက်ကို ကိုးကား၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust-YHT) က သတင်းထုတ်ပြန်သည်။

UN Habitat အမှုဆောင် ညွှန်ကြားရေးမှူး Dr. Joan Clos သည် အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရုံးသို့ လာရောက် စဉ် ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း YHT အဖွဲ့၏ Senior Communication Officer ဒေါ်ရွှေယင်းမာဦးက အတည်ပြု ပြောကြားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရေးဆွဲလျက်ရှိသည့် မြို့ပြအမွေအနှစ် အဆောက် အအုံများ ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒများနှင့် ဥပဒေများသည် အစိုးရက လက်ခံရန် လိုအပ်သောကြောင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လက်တွေ့ အကောင်အထည်ဖော်ရန် Dr. Joan Clos က တိုက်တွန်း သွားကြောင်း ၄င်းက ဆိုသည်။

UN Habitat အမှုဆောင် ညွှန်ကြားရေးမှူး Dr. Joan Clos သည် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UN Habitat ညွှန်ကြားရေးမှူး Mr Yoshinobu Fukasawa အပါအဝင် တာဝန်ရှိသူများ နှင့်အတူ မြန်မာနိုင်ငံသို့ တရားဝင်ခရီးအဖြစ် အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ သုံးရက်ကြာ လာရောက်ခြင်းဖြစ်သည်။

"ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ အနေနဲ့ UN Habitat နဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင် ဖို့ မျှော်လင့်ပါတယ်" ဟု YHT ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့သည် ရန်ကုန် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်သည့် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ (Yangon City Heritage List) ၁၈၉ ခုတွင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ အစိုးရရုံးများသာ အများစု ပါဝင်သောကြောင့် ပုဂ္ဂလိကနှင့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များကိုလည်း စာရင်း ပြုစုလျက်ရှိ သည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

နှစ်တစ်ရာဝန်းကျင် သက်တမ်းရှိသော ရန်ကုန်မြို့ရှိ တရားရေးဆိုင်ရာ အဆောက်အအုံနှစ်ခုကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန် အတွက် အစိုးရက ငှားရမ်းခဲ့ရာတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ (World Monument Fund - WMF) က ရန်ကုန်မြို့လယ် ဧရိယာကို ၂၀၁၄ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment