Pages

Monday, November 11, 2013

ရှစ်နှစ်ကြာမကျင်းပနိုင်ခဲ့သောမသိုးသင်္ကန်းရက်ပြိုင်ပွဲ ကမ္ဘာအေးဘုရားတွင် ကျင်းပမည်

11.11.2013

လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ကျင်းပနိုင်ခြင်းမရှိခဲ့သော သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ကြီး၏ မသိုးသင်္ကန်းရက်လုပ်ပူဇော် ပြိုင်ပွဲကို ယခုနှစ်တွင် (၁၆)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာအေးစေတီတော် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ခြင်းနှင့်ဆွမ်းတော် ကြီး ကပ်လှူရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။

အဆိုပါမသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို တန် ဆောင်မုန်းလဆန်း ၁၄ ရက်(နိုဝင်ဘာ ၁၆) ရက် ညနေ ၅ နာရီတွင် ပြိုင်ပွဲကျင်းပမည်ဖြစ်ရာ တနင်္ဂနွေထောင့်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ရက်ကန်းစင် ခုနစ်စင်ဖြစ် သည့် ဂေါတမီစင်၊ ခေမာစင်၊ ဥပဝလဝဏ်စင်၊ ပဋာစာရီစင်၊ဓမ္မဒိန္ဒာစင်၊နန္ဒာစင်၊ယသောဓရာစင် တို့ဖြင့် ရက်လုပ်ပြိုင်ပွဲဝင်ကြမည်ဖြစ်ပြီး ယင်းနေ့ ည ၁ဝ နာရီတွင်အပြီး ရက်လုပ်ရ မည်ဖြစ်သည်။

ယင်းပြိုင်ပွဲဝင် ရက်ကန်းစင်များမှ ရရှိလာ သော မသိုးသင်္ကန်းများကို လပြည့်နေ့ (နိုဝင်ဘာ ၁၇) ရက် နံနက် ၄ နာရီမထိုးမီ ကမ္ဘာအေး စေတီတော်ပေါ်ရှိ ဆင်းတုတော်ငါးဆူ၊ ဂန္ဓကုဋိ တိုက်တော်အတွင်းရှိ ဆင်းတုတော်တစ်ဆူနှင့် ဗုဒ္ဓဝင်ပြခန်းထဲမှဆင်းတုတော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူကို ကပ်လှူ ပူဇော်ကြ မည် ဟု ကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။

ပေးအပ်ချီးမြှင့်မည့်ဆုများနှင့်ပတ်သက်ပြီး ဦးလှထွန်းက ''ပထမဆုကို ငွေကျပ်နှစ်သိန်းခွဲနဲ့ ဆုဖလား၊ ဂုဏ်ပြုလက်မှတ်ပေးမယ်။ ဒုတိယဆု ကို ကျပ်နှစ်သိန်းနဲ့ ဆုဖလား၊ ဂုဏ်ပြုလက်မှတ် ပေးမယ်။ တတိယ ဆုကို ကျပ်တစ်သိန်းခွဲနဲ့ ဆုဖလား၊ ဂုဏ်ပြုလက်မှတ်ပေးမယ်။ နှစ်သိမ့် ဆု လေးဆုကို ကျပ် တစ်သိန်း နဲ့ ဆုဖလား၊ ဂုဏ်ပြု လက်မှတ် ပေးအပ်ချီးမြှင့်မယ်''ဟုပြောသည်

ထိုသို့ ရွေးချယ်ရာတွင် ရက်ကန်းပညာရှင် များက လာရောက်ရွေးချယ်ပေးမည်ဟု သိရ သည်။ ဆုရ ရှိသော ရက်ကန်းစင်များကို ယခုလ ၁၆ ရက် ည ၁၁ နာရီတွင် ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ၍ ချီးမြှင့်ပေး မည်ဖြစ်သည်။

အဆိုပါ ရက်ကန်းစင်ပြိုင်ပွဲများ ယခုနှစ်မှ ပြန်လည်ကျင်းပဖြစ်ခြင်းနှင့် ပတ်သက်ပြီး အထက်ပါပုဂ္ဂိုလ်က ''အရင်နှစ်တွေက လုံခြုံရေး အရ ခွင့်ပြုချက်မရခဲ့တာကြောင့်လဲဖြစ်တယ်။ နောက်ပိုင်းမှာ ခွင့်ပြုခဲ့သော်လဲ လုပ်ဖို့အဆင်မပြေ တာတွေကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ကြိုးစားပြီး လုပ်ကြ မယ်လို့ ဂေါပက အဖွဲ့တွေ တိုင်ပင်ကြတယ်။ စီစဉ်ကြတယ်။ အခုတော့ အားလုံးကပြင် ဆင်နေ တာ တော်တော်လေး ကို ပြီးနေပါပြီ''ဟုပြောသည်။

အဆိုပါ ကမ္ဘာအေးစေတီတော်တွင် တန် ဆောင်မုန်းလပြည့်နေ့ နံနက် ၆ နာရီတွင် ရေစက်ချ တရားတော်နာ မင်္ဂလာအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် ဆီမီး ပူဇော်ခြင်းများ၊ သာမညဖလ သုတ်ရွတ်ဖတ် ပူဇော် ခြင်းများကိုလည်း နှစ်စဉ်ကျင်းပမြဲအတိုင်း ဆက်လက်ကျင်းပ သွားမည် ဟု သိရသည်။

သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး သည် ဆဋ္ဌသင်္ဂါယနာ သာသနာ့ သမိုင်း ဝင် စေတီတော်ကြီး တစ်ဆူဖြစ်ပြီး ရန်ကုန်မြို့ရှိတန်ခိုးကြီး ဘုရားများထဲတွင်ပါဝင်ကာ တရုတ်ပြည် မှ ဗုဒ္ဓ မြတ်စွယ်တော်ကို ပင့်ဆောင်အပူဇော်ခံခဲ့သော စေတီတော်လည်းဖြစ်သည်။

The Union Daily

No comments:

Post a Comment