Pages

Saturday, November 16, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပြန်အလှန် ယုံကြည်မှုသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြောကြား



(ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ မိန့်ခွန်း ပြောကြားနေစဉ်)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပြန်အလှန် ယုံကြည်မှု သည် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း နိုဝင်ဘာ ၁၅ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြောကြားခဲ့သည်။

တိုနီဘလဲသည် MPC ၌ Countering Extremism and Promoting Inter-faith Understanding in a Globalizing World ခေါင်း စဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် မြောက်အိုင်ယာလန် ဒေသတွင် ငြိမ်းချမ်းရေး တည်ဆောက်ခဲ့စဉ်က ရရှိခဲ့သည့် အတွေ့အကြုံများကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြန်လည်ဝေမျှခဲ့သည်။

''မြောက်အိုင်ယာလန် ခွဲထွက်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ချိန်က အတူတူထိုင်ပြီး ဆွေးနွေးဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။ ဒါပေမဲ့ ပစ်ခတ် မှုတွေ ပဋိပက္ခတွေကိုရပ်ပြီး နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ပြီးတဲ့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ဆက်လက်ဖော်ဆောင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်'' ဟု မစ္စတာဘလဲက ဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် နှစ်ဦးနှစ်ဖက် နားလည်လက်ခံနိုင်မည့် ဆွေးနွေးမှုပြုလုပ်ရန် လိုအပ်ကြောင်း ၊ ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် မကျေနပ်မှုများကို ရပ်ဆိုင်းထားသင့်ကြောင်း၊ နှစ်ဖက်စလုံးမှ လက်ခံ သည့် သဘောတူညီမှု ရယူရန် လိုအပ်ကြောင်း၊ နိုင်ငံရေးနှင့် ပဋိပက္ခ အရေးသာမက စီးပွားရေးကိုလည်း ထည့်သွင်းဆွေးနွေး ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ခြင်းအား အလျှော့ပေး ရပ်တန့်ခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း စသည်ဖြင့် အချက်ငါးချက်ဖြင့် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက ထောက်ပြ ဆွေးနွေးခဲ့သည်။

''ပဋိပက္ခတွေကို ဆွေးနွေးပွဲက တစ်ဆင့် ဖြေရှင်းဖို့ ဆန္ဒရှိတယ်ဆိုရင် တစ်ဖက်က ပြောတာကို တစ်ဖက်က နားထောင်ရပါမယ်။ ဒါဟာရိုးရှင်းတဲ့ ကိစ္စလေး တစ်ခုဆိုပေမယ့် ဒီအချက်ကနေ ငြိမ်းချမ်းရေးကို မွေးဖွားပေးနိုင် ပါတယ်။ နှစ်ဖက်စလုံး က ဖြစ်ချင်တာတွေ ကို ပြောနေမယ့်အစား အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်'' ဟု ၎င်းက အကြံပြုခဲ့သည်။

သို့သော် သက်ဆိုင်သူများ အနေဖြင့် လုံခြုံမှုရှိမှသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထိရောက်စွာ ကျင်းပနိုင်မည် ဖြစ်သည်။ ထို့အပြင် ဆွေးနွေးပွဲများ ကျင်းပနေချိန် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပါက ဆွေးနွေးပွဲအပေါ် ယုံကြည်မှု လျော့နည်းစေနိုင်သည့် အတွက် မုန်းတီးမှုများနှင့် ဒေါသများ မရှိသင့်ကြောင်း တိုနီဘလဲက ပြောကြားသည်။ သဘောတူညီချက်များ ဖော်ဆောင် ရာတွင် လည်း နှစ်ဖက်စလုံးမှ နားလည်လက်ခံရန် လိုအပ်သည်။

ငြိမ်းချမ်းရေးသည် ဖြစ်ရပ်တစ်ခု မဟုတ်ကြောင်း လုပ်ငန်းစဉ် တစ်ခုသာဖြစ်ပြီး အစဉ်တစိုက် ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြော ကြားသည်။ ထို့နောက် MPC ၏မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် မတူညီသည့် လူမျိုးများနှင့် ဘာသာဝင် များ နေထိုင် သည့် လူမှုအသိုင်းအ၀ိုင်း တစ်ခုတွင် သည်းခံမှုနှင့် လေးစားမှုရှိရန် လိုအပ်သည့်အပြင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုရှိရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေစဉ်အတွင်း နိုင်ငံရေး သမားများအနေဖြင့် ကိုယ်ကျိုးရှာခြင်း မပြုလုပ်ရန် အရေးကြီးကြောင်း၊ မိမိနှင့် အမြင်မတူသူများအား နားလည်လက်ခံစေရန် ဆွေးနွေးညှိနှိုင်းခြင်းသာ ပြုလုပ်သင့်ကြောင်း မစ္စတာဘလဲမှ ထည့်သွင်းဖြေဆိုခဲ့သည်။

မေးမြန်းဆွေးနွေးသည့် ကဏ္ဍတွင် မစ္စတာဘလဲကို MPC မှ ကြိုတင်ပြင်ဆင် ထားသည့် မေးခွန်းများ မေးမြန်းခဲ့သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရခဲ့ပေ။

EMG

No comments:

Post a Comment