Pages

Saturday, November 16, 2013

လာမည့် ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်မီတာခ တိုးကောက်မည်ဟု နိုင်ငံတော် သမ္မတ သဝဏ်လွှာပို့

နေပြည်တော်၊ နိုဝင်ဘာ ၁၅

လျှပ်စစ်မီတာခများ တိုးကောက်ခြင်းကို ယခုနှစ်အတွင်း မပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားသောကြောင့် ၂၀၁၄-၂ ၀၁၅ ဘဏ္ဍာရေးနှစ် စတင်မှသာ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့သည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမည် ဖြစ်သော်လည်း အသေအချာ စိစစ်ပြီးမှ ကောက်ခံမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ သဝဏ်လွှာကို ကိုးကား၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမှုကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ တင်ပြမည့် စာရင်းဇယားများကို စိစစ်၍လာမည့် ဘဏ္ဍာနှစ်တွင် ဆုံးဖြတ်မည်ဟု ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် ထားသောကြောင့် လွှတ်တော်၏ ညှိနှိုင်း ဆုံးဖြတ်မှု အပေါ်သာ အဓိက မူတည်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူများသည် လျှပ်စစ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို မျှမျှတတ ခံစားနိုင်စေရန် ရည် ရွယ်သောကြောင့် ယင်းကဲ့သို့ တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင် ထားရှိရန် အတည်ပြုကြောင်း နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

လျှပ်စစ်မီတာ နှုန်းထားများကို အိမ်သုံး ၁၀၀ ယူနစ်အထက် သုံးစွဲလျှင် တစ်ယူနစ်နှုန်း ၅၀၊ လုပ်ငန်းသုံး မီတာများကို ၅၀၀၀ ယူနစ် အထက် သုံးစွဲလျှင် တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက လျှပ်စစ် မီတာခ တိုးမြှင့်မည့် အစီအစဉ်ကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။

The Voice 

No comments:

Post a Comment