Pages

Wednesday, November 27, 2013

မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ထားဝယ်အထူး စီးပွားရေးဇုန်တွင် အကြီးစား ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်မည်

27.11.2013

ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက တွင်းထွက်လောင်စာသုံး အကြီးစား ဓာတ်အားပေးစက်ရုံ တစ်ရုံကို ထိုင်းကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်းကာ ထားဝယ်အထူး စီးပွားရေးဇုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် အစောပိုင်းတွင် စတင်မည့် အဆိုပါ စီမံကိန်းတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်း Electricity Generating Authority of Thailand ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) က ၂၀ ရာခိုင်နှုန်း ပါဝင်သွားမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယန်းငွေတစ်ထရီလီယံ (ဘတ် ၃၁၅ ဘီလျံ) ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းဓာတ်အားပေး စက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏသည် ကီလိုဝပ် ခုနစ်သန်း ရှိမည်ဖြစ် ကာ နျူကလီးယား ဓာတ်ပေါင်းဖို ခုနစ်လုံးမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ပမာဏနှင့် ညီမျှ မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် သဘာဝဓာတ်ငွေ့ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုကာ ကျန် လိုအပ်ချက်ကို ကျောက်မီးသွေး လောင်စာမှ အသုံးပြုသွားမည်ဖြစ်ပြီး ပထမဆုံး စက်ရုံအား ၂၀၁၅ ခုနှစ် တွင် စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု များအတွက် လျှပ်စစ်ဓာတ်အား ကီလိုဝပ် သုံးသန်းကို အသုံးပြုသွားမည်ဖြစ်ပြီး ကျန်လျှပ်စစ် ဓာတ်အားများကို ထိုင်းနိုင်ငံသို့ ရောင်းချသွားမည် ဖြစ်သည်။

Electricity Generating Authority of Thailand ၏ အုပ်ချုပ်ရေးမှူး ဆွန်ချိုင်းကွန်နွန်ဆတ်က အဆိုပါ စီမံကိန်းသည် မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု သင်္ကေတ တစ်ခုဖြစ်ကြောင်း၊ မစ်ဆူဘီရှီ ကုမ္ပဏီက ယခုကဲ့သို့ ပါဝင်လုပ်ဆောင် လာခြင်းဖြင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ထားဝယ် အထူး စီးပွားရေးဇုန်တွင် ပိုမိုပါဝင် လာရေးအတွက် တွန်းအားတစ်ခု ဖြစ်စေနိုင်ကြောင်း ပြော ကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်တွင် သင်္ဘောဆိပ်၊ ရထားလမ်းနှင့် ဆက်သွယ်ရေးလုပ်ငန်း အပါအ၀င် အခြေခံ အဆောက်အအုံ ကဏ္ဍခုနစ်ခုအား အကျိုးတူ ကုမ္ပဏီများက ဆောင်ရွက်ရာတွင် မစ်ဆူဘီရှီ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍတွင် ယခုကဲ့သို့ ပါဝင်လာခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment