Pages

Wednesday, November 6, 2013

အမျိုးသမီးဖိုရမ်မှ တောင်းဆိုချက်များအား လွှတ်တော်သို့တင်သွင်းမည်

ကြယ်ပြာ|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

အမျိုးသမီးများ၏ရပိုင်ခွင့်များနှင့် အခွင့်အရေးများအားမဆုံးရူံးစေရန်နှင့် ခိုင်မာသောဥပဒေများ ပေါ်ထွန်း လာစေရန် ဒုတိယအကြိမ်အမျိုးသမီးဖိုရမ်မှ ထုတ်ပြန်လိုက်သောတောင်းဆိုချက်များကို လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ဖိုရမ်အားပူးပေါင်းကျင်းပခဲ့သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာလ ၉ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့တွင်ပြုလုပ်မည့် National Women Dialogue ပွဲ အပြီးတွင်ရရှိလာမည့် အချက်များကိုပါ၊ အမျိုးသမီးဖိုရမ်၏ တောင်းဆိုချက်များထဲတွင် ထပ်မံထည့်သွင်း သွားဖွယ်ရာရှိကြောင်း အမျိုးသမီးဖိုရမ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ မနန်းဖြူဖြူလင်းက ပြော သည်။

အမျိုးသမီးများနှင့် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အဓိကအချက်သုံးချက်အား National Women Dialogue ပွဲပြုလုပ်ရာတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။ ထိုပွဲအား ပြည်တွင်းမှ အမျိုးသမီးအဖွဲ့များကွန်ရက်၊ Gender And Equality Network၊ Civil Society Forum for Peace နှင့် ကိုလံဘီယာတက္ကသိုလ်၊ အမျိုးသမီးဒုက္ခသည်များဆိုင်ရာ ကော်မတီတို့မှပူးပေါင်းပြုလုပ်မည်ဖြစ်သည်။

“ခုထိတော့ လွတ်တော်ကိုမတင်ရသေးဘူး။ ဖိုရမ်ကို ပူးပေါင်းပြီးကျင်းပခဲ့တဲ့ အဖွဲ့တွေအားလုံးနဲ့ အစည်း အဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်ရမှာပါ၊ လွှတ်တော်ကိုကတော့ တင်ကိုတင်မှာပါ” ဟု မနန်းဖြူဖြူလင်း ကပြောသည်။

အမျိုးသမီးဖိုရမ်မှ ထုတ်ပြန်သောအချက်များထဲတွင် အမျိုးသမီးများအားအကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကို နိုင်ငံတကာစံချိန်စံညွန်းများ နှင့်အညီ ပြည်သူများပါဝင်သော ဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်ပေးရန်၊ လက်ရှိ ဥပဒေများနှင့် ပြဋ္ဌာန်းချက်များမှ အမျိုးသမီးများ ဦးဆောင်ပါဝင်မှုကို အဟန့်အတားဖြစ်စေသည့် ရည်ညွန်းဖော်ပြချက်များကို ပြင်ဆင်ရန်နှင့် စီဒေါစာချုပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်(၁၃၂၅)အပါအ၀င် ကျား၊မ အခြေပြုအကြမ်းဖက်မှု ဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် (၁၈၂၀)၊ (၁၈၈၈) တို့ကို နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များရေးဆွဲပေးရန် ဆိုသည့် အချက်များပါဝင်သည်။

“Women Forum ပွဲနေ့တုန်းကတော့ အမျိုးသမီးအမတ်တွေ အများကြီးလာသွားပါတယ်။ သူတို့တွေက တစ်ဆင့်တင်သွားရင် ပိုကောင်းမှာပါ” ဟု ဖိုရန်ပြုလုပ်စဉ်က ပါဝင်ခဲ့သော Gender And Equality Network မှ ညှိနှိုင်းရေးမှူး မမေစပါယ်ဖြူကပြောသည်။

ထို့အပြင် ကျား၊မ အခြေပြုတရားသေ အစွဲများ၊ အမျိုးသမီးအခွင့်အရေးများနှင့် ပက်သတ်သော လူထု အသိပညာပေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန်၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ရက်များချိတ်ဆက်မှုအားကောင်းစေရန်၊ နိုင်ငံတော်အဆင့် မဟာဗျူဟာများကို ဖော်ဆောင်ပေးရန် တို့လည်း တောင်းဆိုချက်များထဲတွင် ပါဝင်နေသည်။

အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးဆိုင်ရာ ဥပဒေများနှင့် မူဝါဒများရေးဆွဲတင်သွင်းနိုင်ရန် လွှတ် တော် အတွင်းမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အား ဖွဲ့စည်းသွားနိုင်ရန် အမျိုးသမီးဖိုရမ်မှ လုပ်ဆောင်နေသည်။

No comments:

Post a Comment