Pages

Monday, November 25, 2013

ကျောင်းပြင်ပ အလယ်တန်းသင်ရိုး မူကြမ်း ၂၀၁၅ ခုနှစ် မတိုင်မီ ဝန်ကြီးဌာန တင်မည်

25.11.2013

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) နှင့် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းပြင်ပ အလယ်တန်း ပညာရေးအတွက် သင်ရိုးညွှန်းတမ်း မူကြမ်းကို ၂၀၁၅ ခုနှစ် မတိုင်မီ ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းပြင်ပ အလယ်တန်း သင်ရိုး ရေးဆွဲရေး အဖွဲ့ဝင် ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။

လက်ရှိ ရေးဆွဲနေသော ကျောင်းပြင်ပ အလယ်တန်းပညာ သင်ရိုးညွှန်းတမ်း မူကြမ်းမှာ ပထမအဆင့် ပြီးစီးသွားပြီ ဖြစ်သော်လည်း UNESCO ၏ သုံးသပ်ချက်နှင့် ပြင်ဆင်ချက်များ စစ်ဆေးရန် ဒီဇင်ဘာလတွင် ယင်းအဖွဲ့သို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဒီသင်ရိုးမှာ ကျောင်းသားတွေ အတွက် အပြင်က ရှစ်တန်းအောင် အဆင့်နဲ့ ညီအောင်လည်း လုပ်ရတယ်။ ကျောင်းဆက် မတက်နိုင်တဲ့ သူတွေအတွက် ပြင်ပလုပ်ငန်း အခြေခံလည်း ထည့်စဉ်းစားရတယ်” ဟု ဦးခင်မောင်ထွေးက ရှင်းပြသည်။

အဆိုပါ ကျောင်းပြင်ပ အလယ်တန်းသင်ရိုး မူကြမ်းတွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကွန်ပျူတာ၊ ပန်းချီ၊ အခြေခံ စက်မှုလက်မှုနှင့် အိမ်တွင်း လက်မှုသင်တန်းများ အပါအဝင် ဘာသာရပ် ခြောက်ခု ထည့်သွင်း ထားကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များက စိတ်ကြိုက် ဘာသာရပ် သုံးခုကို ရွေးချယ်တက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောင်းပြင်ပ အလယ်တန်း ပညာရေးသင်တန်း ကာလမှာ သုံးနှစ် ကြာမြင့်မည် ဖြစ်ကြောင်း ယင်းသင်ရိုး ညွှန်းတမ်း ရေးဆွဲသူများထံမှ သိရသည်။“ကျောင်းပြင်ပ မူလတန်းကျောင်း ပြီးသွားတဲ့ သူတွေက ပုံမှန် အလယ်တန်း အဆင့် ကျောင်းတွေကို တက်လို့ရတယ် ဆိုပေမယ့် ဒီလို ညနေပိုင်း တက်လို ရတဲ့ ကျောင်းတွေပေါ်တော့ ပိုကောင်းတာပေါ့” ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး၏ စီမံချက် မန်နေဂျာ ဦးထွန်းကြည်က သုံးသပ်သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်က ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော် အောင်မြင် ခဲ့ကြသော်လည်း အောင်မြင်သူများ၏ ၂၇ ရာခိုင်နှုန်းသာ အခြေခံပညာ အလယ်တန်း ကျောင်းများသို့ တက်ရောက်နိုင်ပြီး အများစုမှာ မိသားစုရေးရာ အခက်အခဲ များကြောင့် ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
 
The  Voice

No comments:

Post a Comment