Pages

Friday, November 22, 2013

မြန်မာအသင်း အပြီးသတ်လူရွေးချယ်မှု ဆီးဂိမ်းအဖွင့် ပွဲမကစားမီ တစ်ရက်အလိုမှ ဆုံးဖြတ်မည်

22.11.2013

ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေသော မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်း အဖွင့် ပွဲစဉ်မကစားမီ တစ်ရက်အလိုမှသာ အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း နည်းပြပတ်ဆောင်ဟွာက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။“အသင်း နောက်ဆုံးလူစာရင်းကို ဒီဇင်ဘာ ၆ ရက်မှာ ကြေညာပါမယ်။ ဒီအနေအထားက အငြင်းပွားစရာ ဖြစ်နေပေမယ့် ဒဏ်ရာရတဲ့ ကစားသမားတွေ ရှိလာမှာ စိုးတာကြောင့် အခုလို စီစဉ်ထားတာပါ” ဟု ပတ်ဆောင်ဟွာက ဆိုသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယား အသင်း နှင့် ဆီးဂိမ်းအဖွင့် ပွဲကစားရမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ ယူ-၂၃(ခ) အသင်း၊ ဧရာဝတီ ယူနိုက်တက် အသင်း၊ ကမ္ဘောဇ အသင်း တို့နှင့် ခြေစမ်းပွဲ ကစားရန် လည်း စီစဉ်ထားသည်။

ဆီးဂိမ်းအသင်းကို အထောက်အကူ ဖြစ်စေရန် ဖွဲ့စည်းထားသည့် ဆီးဂိမ်း (ခ) အသင်းနှင့်ပတ်သက်၍ ပတ်ဆောင်ဟွာက“ဆီးဂိမ်း(ခ)အသင်းက ကစားသမားတွေကို ရွေးချယ်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က ဖွဲ့တာနောက်ကျတဲ့အတွက် ကျွန်တော့်အသင်းက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကိုမီဖို့ မလွယ် ပါဘူး” ဟု ဆိုသည်။လက်ရှိ မြန်မာယူ-၂၃အသင်း လူစာရင်းတွင် အဓိက ကစားသမားအချို့ ဒဏ်ရာ ရနေပြီး အားထားရ သော တောင်ပံကစားသမား ကြည်လင်းမှာလည်း ဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရ မည် ဖြစ်သည်။လာမည့်ဆီးဂိမ်းပြိုင်ပွဲဝင်ပြိုင်မည့်ယူ-၂၃ အသင်းမှာ မြန်မာ့ဘောလုံး သမိုင်း တစ်လျှောက် ပြင်ဆင်မှု အကောင်းဆုံးအသင်းဖြစ်ပြီး ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ကာ တစ် လကျော် ခန့် လေ့ကျင့် မှုများ ပြုလုပ်ထားသည်။

Mizzima

No comments:

Post a Comment