Pages

Friday, November 15, 2013

ပန်းဘဲတန်းအမတ် ဦးအောင်ဆန်း လွှတ်တော် အစည်းအဝေးအတွင်း ကွယ်လွန်


နေပြည်တော်၊ နိုဝင်ဘာ ၁၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်း နိုဝင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ရုတ်တရက် လဲကျကာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဦးအောင်ဆန်းသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော လွှတ်တော် အစည်းအဝေး အတွင်းတွင် မေးခွန်း မေးမြန်းခဲ့ပြီး နှစ်မိနစ်အကြာ ရုတ်တရက် လဲကျကာ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းသည် (၂၇) ကြိမ်မြောက် SEA Games ကာလအတွင်း လုံခြုံရေး စီစဉ်ထားမှုနှင့် အားကစားပွဲများကို ပြည်သူအများ ကြည့်ရှုနိုင်မည့် ကိစ္စကို မေးမြန်းခဲ့ခြင်း ဖြစ်ပြီး အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြန်လည် ဖြေကြားနေချိန်တွင် ပြုံးရွှင်စွာ တွေ့နေသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

“ဒီနေ့ ဦးအောင်ဆန်း ကွယ်လွန်မှုအတွက် ဝမ်းနည်းပါတယ်။ သူ့မေးခွန်းကို ဖြေနေတဲ့ အချိန်မှာ ကျေကျေနပ်နပ်နဲ့ နားထောင်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော် အခြားကိစ္စတစ်ခု ရှိတာနဲ့ ခေတ္တ ရပ်နားလိုက်ပါတယ်။ အဲဒီကျမှ သူရဲ့ ကျန်းမာရေး မကောင်းတာ အခြားလူတွေ သိကုန်ကြတာပါ” ဟု ၎င်းကဆိုသည်။ဦးအောင်ဆန်းသည် အစည်းအဝေး ခန်းမအတွင်း မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ရုတ်တရက လဲကျကာ နှလုံးခုန် ရပ်တန့်သွားပြီး ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။


ဦးအောင်ဆန်း ကွယ်လွန်သည့် ကိစ္စအတွက် ပြည်သူ့လွှတ်တော်တွင် ဝမ်းနည်းကြောင်းအဆို တင်သွင်းခဲ့ပြီး နှစ်မိနစ် ငြိမ်သက်ကာ ယင်းအဆိုကို မှတ်တမ်းတင်ခဲ့သည်။ယခုလအတွင်း ကျင်းပလျက်ရှိသော ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဦးအေးမြင့် (အင်းစိန် မဲဆန္ဒနယ်)၊ ဦးကြည်မြင့် (လသာ မဲဆန္ဒနယ်) တို့မှာ လွှတ်တော် ပြင်ပတွင် ကွယ်လွန်ခဲ့ပြီး လွှတ်တော် အတွင်း၌ ဦးအောင်ဆန်း (ပန်းဘဲတန်း မဲဆန္ဒနယ်) ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ယခုအခါ အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း လူနာ တင်ယာဉ်နှင့် အရေးပေါ် ကုသနိုင်သော ဆရာဝန်များကို ခန်းမနှင့် အနီးဆုံးတွင် ထားရှိသွားမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။

ွှThe Voice

No comments:

Post a Comment