Pages

Friday, November 15, 2013

ပြုပြင်ပြောင်းလဲရေးမှာ လမ်းဘေးကသက်ကြီးရွယ်အိုတွေကိုလည်းမမေ့အပ်


15.11.2013


မိမိတို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးကာလ စိန်ခေါ်မှုများမှာကြီးမားကျယ်ပြန့်လွန်းလှသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသောစိန်ခေါ်မှုများက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ခဲနှင့်ဆွဲ သလို ၀န်ထုပ်ဝန်ပိုးကြီးများဖြစ်နေသည်။ ကဏ္ဍအသီးသီးတွင် တစ်ခုနှင့်တစ်ခု အချိန်အဆညီမျှစေရန် ချိန်ညှိ ရသကဲ့သို့ တစ်ဖက်စောင်းနင်းဖြစ်သွားလျှင်လည်း အကျိုးရလဒ်ကောင်း များထွက်ပေ လာရန် ခက်ခဲပေမည်။

နိုင်ငံ၏အရေးကြီးသည့် နိုင်ငံ့အရေးကိစ္စများကို ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်ကကြိုးပမ်းနေသော်လည်း အောက်ခြေ ပြည်သူလူထု ပြောင်းလဲတိုးတက်မှုမရှိပါက အခြားဖြစ်ပေါ်ပြောင်းလဲမှုများသည် အယောင်ပြ ဖွံ့ဖြိုးတိုးတက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် အစိုးရ၏ဆင်းရဲမွဲတေမှု လျှော့ချရေးသည်အမှန် တကယ်လက်တွေ့တွင် အလုပ်ဖြစ် သလားဆိုသည်မှာ ဝေဖန်ထောက်ပြစရာဖြစ်နေပြီ ဖြစ်သည်။ထိ ရောက်မှုမရှိသည့် လမ်းညွှန်ချက်များသည် လူတစ်စုကို သာအကျိုးဖြစ်စေပြီး အောက်ခြေလူထုအထိ အကျိုးသက်ရောက်မှုမရှိပါက အစိုးရကအဆိုပါလမ်းညွှန်ချက်ကို ပြန်လည် စဉ်းစားရပေမည်။

ယနေ့သေမှုသေခင်းများတွင် တိုးပွားလာသည့် ပမာဏမှာအခြေမဲ့အနေမဲ့များ၏ သေဆုံးမှုမှာ တရိပ်ရိပ် မြင့်တက် လာနေသည်။ သို့သော် မြန်မာ့ဝန်ကြီးဌာနများ၏ ထုံးတမ်းစဉ်လာအတိုင်းမည်၍မည်မျှသေဆုံး ပြီဆိုသည်ကို ယနေ့ထိ စာရင်းကောက်ယူထားနိုင်စွမ်း မရှိသေးပေ။ နာရေးကူညီမှု အသင်း(ရန်ကုန်) ၏ အဆိုအရ ပိုင်ရှင်မဲ့လူသေအလောင်းပေါင်း တစ်လလျှင် ၁၀ ဦးမှ ၁၅ ဦးထိ ရှိနေသည်။အဆိုပါ ပမာဏမှာ ရန်ကုန်တစ်ခုတည်းတွင်သာ ဖြစ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြားမြို့နယ် များတွင် မည်မျှသေဆုံးနေ သည်ဟူသည့်အရေအတွက် မပါသေးပေ။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရအသက်ကြီးရင့်လာသူကို သားသမီးများကကြည့်ရှုကြသော် လည်း မြင့်မား လာနေသည့် ဆင်းရဲတွင်းကနက်လွန်းလာသောအခါ ကမ္ဘာမီးလောင်သားကောင်ချနင်းဆို သလိုလစ်လျူရှု မျက်ကွယ် ပြုကြရသည့် အခြေအနေမျိုးဖြစ်လာသည်။ အသက်အရွယ်ကြီးရင့်လာသူ များဖေးမကျွေးမွေးမည့်သူမရှိ လမ်းဘေးသို့ ကူသူကယ်သူမဲ့စွာ လေလွင့်ရောက်လာမှုတရိပ်ရိပ် မြင့်တက် လာနေသည်။

သာဓကအဖြစ် ပဲခူးမြို့မှ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းကြီးသခင်လှကြိုင်၏ ပဲခူးတံတားပေါ် တောင်းရမ်း စားသောက် နေရသည့်သတင်းမှာ ယနေ့မြန်မာနိုင်ငံအတွင်း အထောက်အကူမဲ့သက်ကြီးရွယ်အိုများ လမ်းပေါ် ရောက်လာ နေသည်ဟူသော အချက်ပေးသံကို အကျယ်လောင်ဆုံးကြားရသည့် သတင်းပင် ဖြစ်သည်။

ယခုအချိန်တွင် ရန်ကုန်မြို့၏လူစည်ကားရာမည်သည့်နေရာတွင်ပင်ဖြစ်စေ တောင်းရမ်းနေသည့် အသက် အရွယ်ကြီးရင့် သူများကို မတွေ့ချင်မမြင်ချင်အဆုံး ဖြစ်နေသည်။ လွှတ်တော်၏ နေ့စဉ်တင်သွင်းနေသည့် အဆိုများ၊ မိန့်ခွန်းများထဲတွင် သက်ကြီးရွယ်အိုတို့၏ လမ်းဘေးရောက်ရှိမှုပြဿနာကို မကြားရသေးချေ။ ထို့ကြောင့် အစိုးရအနေနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များ၊ စီးပွားရေးလမ်းဖွင့်ပေးမှုများ၊ နိုင်ငံရေးလုပ် ဆောင်မှုများ လုပ်ဆောင်နေသည့်ကြားမှပင် ယင်းပြဿနာ ကိုလည်း အလေးထားဆောင်ရွက်ဖြေရှင်း ဖို့လည်း လိုအပ်သည်။

Mizzima

No comments:

Post a Comment