Pages

Friday, November 22, 2013

မိုင်းဖြတ်မြို့အ၀င် ၀မ်ပုံလမ်းခွဲနေရာ၌ ဘိန်းစိမ်းများ ဖမ်းဆီးရမိ



22.11.2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုတိယရဲမှူး ကျော်လွင်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ၊ မူးယစ် တပ်ဖွဲ့စု (၂၈)မိုင်းဖြတ် တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်းဖြတ်မြို့နယ်၊ ဟိုနား (စောမွန်)ကျေးရွာ၊ ၀မ်ပုံလမ်းခွဲနေရာ၌ ကာလတန်ဖိုးငွေ ကျပ်(၉၁)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများအား တရားခံ (၄)ဦးနှင့် အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၁ရက် မွန်းလွဲပိုင်းက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖြတ်မြို့နယ်၊ ဟိုနား(စောမွန်)ကျေးရွာ၊ ၀မ်ပုံလမ်းခွဲနေရာ၌ ယာဉ်များကို ရှာဖွေ စစ်ဆေးမှု များပြုလုပ်နေစဉ် ကျိုင်းတုံ မှ တာချီလိတ်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်(၄)စီး နှင့် လူ(၄)ဦးအား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ဆိုင်ကယ် ကိုယ်ထည်အတွင်း၌ အသီးသီး သိုဝှက်၍ သယ်ဆောင်လာသည့် ဘိန်းစိမ်းများအား သိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိသော ဘိန်းစိမ်းများ၏ အလေးချိန်မှာ အသက်(၃၀)နှစ်ရှိ လီဂျေးxxx ထံမှ ဘိန်းစိမ်း (၁.၂)ကီလိုဂရမ်၊ အသက် (၁၈)နှစ်ရှိ လီယဲxxထံမှ ဘိန်းစိမ်း (၃)ကီလိုဂရမ်၊ အသက် (၂၃)နှစ်ရှိ လော်ဂူ ထံမှ ဘိန်းစိမ်း (၁.၅)ကီလိုဂရမ် နှင့် အသက်(၂၄)နှစ်ရှိ လီဗူ ထံမှ ဘိန်းစိမ်း (၃.၄)ကီလိုဂရမ်တို့အား ရှာဖွေသိမ်းဆည်းရမိရာ အဆိုပါ ဘိန်းစိမ်းများ၏ စုစုပေါင်း အလေးချိန်မှာ ( ၉.၁ )ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးမှာ ကျပ်ငွေ (၉၁)သိန်းခန့်ရှိကြောင်း သိရပြီး မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ တရားခံ (၄)ဦးအား မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။


Tachileik

No comments:

Post a Comment