Pages

Saturday, November 9, 2013

အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနှစ်ခု တည်ဆောက်ရန် ဒေါ်လာ သန်း ၉၀၀ အသုံးပြုမည်

Saturday, November 9, 2013

အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း Bukit Asam သည် မြန်မာနိုင်ငံ တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ထောင်ရေးကဲ့သို့ စီမံကိန်းများ ပြုလုပ်ရန် အတွက် ဒေါ်လာ သန်း ၉၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ သတင်းစာ The Jakarta Globe ၏ ဖော်ပြချက်အရ သိရသည်။

ညွှန်ကြားရေးမှူး Achmad Sudarto က ပြောဆိုခဲ့ရာတွင် ဂျကာတာ အခြေစိုက် ကုမ္ပဏီ သည် မြန်မာနိုင်ငံ မှ လုပ်ဖော်ကိုင်ဖက် အချို့နှင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ထားပြီးပါပြီ။ ဒါပေမဲ့ အဲဒီကုမ္ပဏီရဲ့ နာမည် ကိုတော့ ထုတ်ဖော်ပြောလို့ မရပါဘူး'' ဟု ၎င်းကပြောကြားခဲ့သည်။

Achmad Sudarto က ဆက်လက် ပြောကြားရာတွင် သဘောတူညီချက်၏ ပထမပိုင်း အဆင့်အရ Bukit Asam ကုမ္ပဏီသည် မဂ္ဂါဝပ် ၁၀၀ ထုတ်ပေးနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ခုကို တည်ဆောက်မည်ဖြစ်ပြီး ၎င်းနောက်တွင် အဆိုပါ ဓာတ်အားပေး စက်ရုံထက် နှစ်ဆပိုမို ကြီးမားမည့်စက်ရုံ တည်ဆောက်မည် ဖြစ်သည်။

ပထမအဆင့် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံသည် ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၅၀ ကြား ကုန်ကျနိုင်ပြီး ဒုတိယ တည်ဆောက်မည့် စက်ရုံသည် ဒေါ်လာ သန်း ၄၅၀ ကုန်ကျနိုင်မည်ဟု ၎င်းက ခန့်မှန်းခဲ့သည်။

''ကျွန်တော်တို့ ကုမ္ပဏီက တူးဖော်တဲ့ ကျောက်မီးသွေးတွေကို မြန်မာနိုင်ငံကို တင်ပို့ပါမယ်။ အဲဒီအတွက် အခုတည်ဆောက်မယ့် ဓာတ်အားပေး စက်ရုံတွေမှာ ကျွန်တော်တို့ ကုမ္ပဏီက ကျောက်မီးသွေးတွေကို အသုံးပြုမှာပါ'' ဟု ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူး Achmad Sudarto က ပြောဆိုခဲ့သည်။

Eleven Media Group

No comments:

Post a Comment