Pages

Wednesday, November 20, 2013

မြန်မာ လွှတ်တော်အမတ်များ မွန်ဂိုလီးယား လွှတ်တော် လေ့လာရန် သမ္မတ ဖိတ်ကြား

20.11.2013

နိုင်ငံတကာလွှတ်တော် များနှင့် လွှတ်တော်ချင်း ပူးပေါင်း ဆောင်ရွက်ရေးများ လုပ်ဆောင်နေသည့် မြန်မာ လွှတ်တော်အမတ် များကို မွန်ဂိုလီးယား လွှတ်တော်သို့ လာရောက် လေ့လာလည်ပတ်ရန် မွန်ဂိုလီးယား သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်က ဖိတ်ခေါ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ ပြောကြားသည်။

မွန်ဂိုလီးယားသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် အဆောက် အအုံ၌ တွေ့ဆုံစဉ် မွန်ဂိုလီးယား သမ္မတက ယင်းသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်ဦးချင်းဝင်ငွေ ကန်ဒေါ်လာ ငါးထောင်ခန့်ရှိသော မွန်ဂိုလီးယား နိုင်ငံတွင် အစိုးရ၏ တာဝန်အချို့ကို အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးလျက် ရှိကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆောင်ရွက်ချက်များ ကို မွန်ဂိုလီးယား ကိုယ်စားလှယ် အဖွဲ့က ရှင်းပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။
“သမ္မတကြီးက (မွန်ဂိုလီးယားသမ္မတ) သူလည်း Struggle Life (ရုန်းကန်ရတဲ့ဘဝ) က လာတာ လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

အာရှအလယ်ပိုင်းရှိ ရုရှားနှင့် တရုတ်နိုင်ငံတို့ အကြားတွင် တည်ရှိသော မွန်ဂိုလီးယား နိုင်ငံမှာ ၁၉၂၀ ပြည့်နှစ်အထိ ရုရှားနှင့် တရုတ် နိုင်ငံကြီးများ၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ၁၉၂၁ ခုနှစ်တွင် လွတ် လပ်သော နိုင်ငံတစ်ခု အနေနှင့် ဆိုဗီယက်နိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်ဆံကာ ကွန်မြူနစ်ပါတီ တစ်ခုတည်း ကြီးစိုးသော စနစ်ကို ကျင့်သုံးခဲ့သည်။

သို့သော်လည်း ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး ဈေးကွက် စီးပွားရေးစနစ်နှင့် ပါတီစုံ ရွေးကောက်ပွဲကို စတင် ကျင့်သုံးခဲ့သည်။ ယခုနှစ် ဧပြီလအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် မွန်ဂိုလီးယား နိုင်ငံတွင် မွန်ဂိုလီးယား သမ္မတနှင့်အတူ မွန်ဂိုလီး ယား နိုင်ငံနှင့် မြန်မာနိုင်ငံ၏ လွတ်မြောက်ခြင်း လမ်းစဉ်နှင့် သင်ခန်းစာ များ ခေါင်း စဉ်ဖြင့် ဟောပြော ခဲ့သည်။

The Voice

No comments:

Post a Comment