Pages

Saturday, November 9, 2013

ကမ္ဘာပေါ်ရှိ ဖြစ်ပေါ်ပြောင်းလဲ မှုများသည် အာဆီယံ တပ်မတော်များအပေါ် များစွာရိုက်ခတ်မှုရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

9-11.2013

ကမ္ဘာပေါ်ရှိ ဖြစ်ပေါ်ပြောင်းလဲ မှုများသည် အာဆီယံ တပ်မတော်များ အပေါ်တွင် များစွာရိုက်ခတ်မှု ရှိ သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်တွင် မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၈ ရက် နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရသည်။

ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ကောင်းမွန်သည့် သက်ရောက်မှုများ ရှိသကဲ့သို့ ရင်ဆိုင်ကြုံတွေ့ ကြရသည့် စိန်ခေါ်မှုများလည်း များစွာရှိကြောင်း၊ ၎င်းတို့သည် မိမိတို့ အာဆီယံ အဖွဲ့အစည်းနှင့် အာဆီယံ တပ်မတော်များ အပေါ်တွင် များစွာရိုက်ခတ်မှုများ ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဆီယံ တပ်မတော်များ အနေဖြင့် လုံခြုံရေးကဏ္ဍတွင် နိုင်ငံတော်လုံခြုံရေးမှသည် ဒေသတွင်း လုံခြုံရေးများ ခိုင်မာစွာ ဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ သမားရိုးကျ လုံခြုံရေးဆိုင်ရာ များသာမက သမားရိုးကျ မဟုတ်သည့် လုံခြုံရေး ကိစ္စရပ်များ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများကို ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက် နိုင်ရေးနှင့် လေ့ကျင့်မှု လုပ်ငန်းစဉ်များတွင်ပါ အာဆီယံ တပ်မတော်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော်များ အနေဖြင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက် အ၀န်း ဖော်ဆောင်မှုတွင် အဓိက ပါဝင်လုပ်ဆောင် နေကြရခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် စီးပွားရေး သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် သက်ရောက်မှု ရှိနေသည့်အတွက် အာဆီယံ စီးပွားရေး အသိုက် အ၀န်း ထူထောင်ရာတွင်လည်း ရေရှည်တည်တံ့သည့် စီးပွားရေး အယူအဆများကို စဉ်းစားဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးများနှင့် အာဆီယံ သေနတ်ပစ် ပြိုင်ပွဲများသည် မြန်မာနိုင်ငံက တာဝန်ခံ ဆောင်ရွက်သည့် အာဆီယံ လုပ်ငန်းစဉ်များအနက် ပထမဦးဆုံး လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အာဆီယံ တပ်မတော်များမှ စစ်သည်အဆင့်မှသည် အဆင့်မြင့် ခေါင်းဆောင်များအထိ ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးညှိနှိုင်းမှုများမှ အာဆီယံ တပ်မတော်များ အကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေပြီး အာဆီယံ တပ်မတော်များ၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစွာ တိုးတက်ဖြစ်ထွန်း စေမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

  Eleven Media Group

No comments:

Post a Comment