ဇွန်လအတွင်းက မြန်မာ-ဗြိတိန်နှစ်နိုင်ငံ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ MoU လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ-သန်းထိုက်အောင်)
27.11.2013
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆောင်ရွက်ရန် ပထမဆုံး အဆင့်ဖြစ်သည့် အကြံပေး ကုမ္ပဏီ ရွေးချယ်မှု ကို လုပ်ဆောင်လျက်ရှိရာ ရွေးချယ်ခံရသည့် ကုမ္ပဏီကို နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာသွားမည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ အကြံပေး ကုမ္ပဏီကို ပြီးခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး အနေနှင့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စိတ်ဝင်စားမှု တင်ပြလွှာ (EOI) လက်ခံသည့် နောက်ဆုံးရက်ဖြစ်သော စက်တင်ဘာ ၂၃ ရက်အထိ အကြံပေး ကုမ္ပဏီအဖြစ် လုပ်ကိုင်ရန် စိတ်ဝင်စားသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ၊ စီးပွားရေး အဖွဲ့ပေါင်း ၃၁ ခုက စိတ်ဝင်စားမှု တင်ပြလွှာ တင်ခဲ့ကြသည်။ ထိုကုမ္ပဏီ၊ လုပ်ငန်းစုများထဲတွင် တရုတ်နှင့် စင်ကာပူ ကုမ္ပဏီများက အများဆုံးဖြစ်ကြောင်း သိရသည်။
တင်ပြလာသည့် ကုမ္ပဏီများတွင် နည်းပညာရမှတ် ၆၀ ရာခိုင်နှုန်း မရသည့် နည်းပညာ အဆိုပြုလွှာ များ၏ ငွေကြေး အဆိုပြုလွှာများကို ဖွင့်ဖတ်သွားမည် မဟုတ်ကြောင်းနှင့် နောက်တစ်ဆင့် အတွက်လည်း ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများ၏ နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာကို စိစစ်အကဲဖြတ်ရာတွင် စီးပွားရေးဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံ၊ မြန်မာနိုင်ငံတွင် တင်ဒါခေါ်ယူသည့် စီမံကိန်းများတွင် ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံ၊ လုပ်ငန်းစီမံချက် ကောင်းမွန်မှု၊ ဘဏ္ဍာရေးပိုင်း ယုံကြည်စိတ်ချရမှု၊ ပညာရှင်၊ ၀န်ထမ်းများ၏ လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှုတို့ ပါဝင်ပြီး သတ်မှတ်နယ်ပယ်များတွင် အမှတ်ပေးသည့် ပုံစံဖြင့် အကဲဖြတ် သွားမည်ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမဆင့်အတွက် အကြံပေး ကုမ္ပဏီ အိတ်ဖွင့် တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဆက်လက်လုပ်ဆောင်ရန် ကျန်နေသည်များနှင့် လာမည့် ဒီဇင်ဘာ လမှ ၂၀၁၄ ဧပြီလအထိ စီမံကိန်း ရင်းနှီးတည်ဆောက်သူ (Developer) အိတ်ဖွင့်တင်ဒါ ခေါ်ယူမည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်ခန့် အကွာ၊ စစ်တောကျေးရွာနှင့် စီမော်ကျေးရွာ အနီးတစ်ဝိုက်တွင် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ စီးပွားရေး နယ်ပယ်များနှင့် ဆက်စပ်နေသဖြင့် အဓိကကျသည့် စီးပွားရေးဇုန် တစ်ခု ဖြစ်လာမည်ဖြစ်သည်။
Eleven Media Group

No comments:
Post a Comment