Pages

Wednesday, November 20, 2013

အစ္စရေးပါလီမန်တွင် မိန့်ခွန်းလာပြောရန် ပါလက်စတိုင်း သမ္မတကို ဖိတ်ခေါ်



20.11.2013

သဘောထား တင်းမာသည့် ဂျူးဝါဒီဟု စွပ်စွဲခြင်း ခံရသော အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုသည် ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကို အစ္စရေး ပါလီမန်သို့ လာရောက်ကာ မိန့်ခွန်း ပြောကြားရန် လူသိရှင်ကြား ဖိတ်ကြားလိုက်ကြောင်း AFP က ဖော်ပြ ထားသည်။

ပါလက်စတိုင်း ခေါင်းဆောင် အနေနှင့် အစ္စရေးပါလီမန်သို့ လာရန်ဖိတ် ခေါ်ခဲ့ရာ ၎င်းသည်လည်း ပါလက်စတိုင်း ရာမာလာသို့ သွားရောက်ရန် အဆင်သင့် ရှိနေကြောင်း ပြောကြားခဲ့သေးသည်။

ပါလက်စတိုင်းများ အနေနှင့် အစ္စရေးဒေသနှင့် ဂျူးအမျိုးသားများ ဆက်စပ် ဆက်နွှယ်နေကြောင်း အသိအမှတ် ပြုပါရန် လည်း ပြောဆို တိုက်တွန်းခဲ့သေးသည်။

“ဒီနေရာကိုလာဖို့ ကျွန်တော်သူ့ကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ကို ကျော်လွှား ကြပါစို့” ဟု နေတန်ညာဟုက ပါလီမန်တွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုသည် ပြင်သစ်သမ္မတ ဖရန်ဆွာဟောလန်ဒဲလ် အစ္စရေးသို့ ရောက်ရှိလာကာ အစ္စရေး ပါလီ မန်သို့ လာရောက် လည်ပတ်စဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သမိုင်းနဲ့ချီတဲ့ အမှန်တရားကို လက်ခံပေးပါ။ ဂျူးတွေဟာ နှစ်ပေါင်း လေးထောင်လောက် အစ္စရေး နယ်မြေနဲ့ အဆက်အစပ် ရှိတယ် ဆိုတာကို လက်ခံပေးပါ။ ဂျူးတွေဟာလည်း ကိုယ်ပိုင် ဆုံးဖြတ်ခွင့် အတွက် အခွင့်အရေး ရှိတယ်” ဟု ၎င်းက ပြော ကြားသေး သည်။ “ပါလက်စတိုင်းတွေဟာ အစ္စရေး နိုင်ငံကို ဖယ်ရှားမယ်လို့ ကြုံးဝါးကြပြီး အစ္စရေးရဲ့ အမျိုးသား နယ်နမိတ်နဲ့ အချုပ်အခြာကိုလည်း ငြင်းပယ် ကြပါတယ်” ဟု ပြောကြားခဲ့သေးသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ထိပ်တိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သည်မှာ သုံးနှစ်ကျော် ကြာခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယမြောက် သက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဝင်ရောက် ညှိနိုင်းမှုဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ခဲ့သည်။

ပါလက်စတိုင်းများက ငြိမ်းချမ်းရေး အမှန်တကယ် ရရှိလိုပါက အစ္စရေး၏ ဝင်ရောက် အခြေချ အိမ်ရာ တည်ဆောက်မှုများ ရပ်တန့်ရန်နှင့် ပါလက်စတိုင်း အကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်တို့ကို တောင်းဆိုခဲ့သည်။

မကြာသေးခင်ကပင် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက အနောက်ဘက်ကမ်းရှိ ဝင်ရောက်အခြေချ အိမ်ရာများ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆိုင်းငံထားရန် အမိန့်ပေးခဲ့သည်။

The Voice

No comments:

Post a Comment