Pages

Thursday, November 28, 2013

သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ သွားမည်

28.11.2013

သမ္မတဦးသိန်းစိန်သည် အာဆီယံ ဂျပန် ဆွေးနွေးဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင် ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်မည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ဆိုင်ရာ ထိပ်သီး ညီလာခံကို တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက “ဒီဇင်ဘာလထဲမှာ သမ္မတကြီး ဂျပန်နိုင်ငံကိုသွားမယ် ဆိုတာ မှန်ပါတယ်။ ခရီးစဉ်ဇယား အသေးစိတ်ကိုတော့ နီးမှပဲ ထုတ်ပြန်မှာပါ”ဟု မဇ္ဈိမ၏ မေးမြန်းချက် ကို တယ်လီဖုန်းဖြင့် ပြောသည်။

အဆိုပါခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထိုသို့ တွေ့ဆုံချိန်တွင် ရထားပို့ဆောင်ရေးကိစ္စများကို မည်သို့ ပူးပေါင်း ဆောင်၊ရွက်မည်ဆိုသည်ကို အဓိက အချက်တစ်ချက် အနေဖြင့် ဆွေးနွေးသွားရန်ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် မီးရထားသံလမ်းပြုပြင်ရေး ပစ္စည်းလှူဒါန်းပွဲကို တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ဒုတိယသံအမတ် မစ္စတာမာရူယာ မာက ပြောကြားသည်။

သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မည့် အာဆီယံ-ဂျပန် ဆွေးနွေး ဆက်ဆံရေး နှစ် ၄၀ ပြည့် အ ထိမ်းအမှတ် အာဆီယံ-ဂျပန် အထိမ်းအမှတ် ဆိုင်ရာ ထိပ်သီးညီလာခံနှင့် တစ်ပြိုင်တည်းတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနကလည်း အာဆီယံ- ဂျပန် စီးပွားရေးဖိုရမ်နှင့် ၂၀၁၃ အာ ဆီယံပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဖိုရမ်တွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား စီးပွားရေး ဆက်နွှယ်မှုများကို တိုးမြှင့်ရန် စီးပွားရေးဝန်ကြီးများ၊ လုပ်ငန်းရှင်များ၊ ဂျပန်နှင့် အာဆီယံနိုင်ငံများမှ ပညာရှင်များက အမြင်များနှင့် အသိ ပညာများကို ဖလှယ်ကြမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံသမ္မတ Benigno Aquino III ၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင် နိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ဖော် ပြောကြားထားသည်။

၂၀၁၁ ခုနှစ် အာဏာရရှိပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင်လည်း ခေါင်းဆောင် နှစ်ဦးသည် မြန်မာနိုင်ငံမှ ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးရယူမည့် ကိစ္စရပ်အပါအ၀င် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment