Pages

Friday, November 8, 2013

ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေကျပ် ၃၃၄ ဘီလျံကျော်အနက် အချို့အား ပြန်လည်စိစစ် သင့်ကြောင်း ထောက်ပြဆွေးနွေးမှုအပြီး တိုင်းဒေသကြီး လွှတ်တော်ကခွင့်ပြု

8/11/2013

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံအနက် အချို့အသုံးစရိတ်များအား ပြန်လည်စိစစ် သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ ထောက်ပြဆွေးနွေး မှုအပြီး နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရငွေကျပ် ၁၆၅ ဘီလျံရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၁၇၁ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း၊ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၂၇၈ ဘီလျံအထိ ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့် ရငွေများ တိုးတက်လာကြောင်း၊ သို့သော် အချို့မှတ်ပုံတင်ကြေးကဲ့သို့ငွေများ၊ ရငွေများသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခေါင်းစဉ်ဖြင့် ၀င်ရောက်လာခြင်းမရှိ၍ တိုင်းဒေသကြီးအတွင်း လိုငွေများစွာ ဖြစ်နေကြောင်း၊ ကညနမှ မှတ်ပုံတင်ကြေးများ ရန်ကုန်တိုင်း ဒေသကြီးသို့ ၀င်လာခြင်းမရှိဘဲ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းခြင်း၊ လမ်းများပြုပြင်ခြင်း များပြုလုပ်နေရသည့် အတွက် ကြွေးမြီနှင့် လိုငွေများစွာ ပေါ်ပေါက်နေရကြောင်းလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ သုံးငွေလျာထားချက်မှာ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံ ဖြစ်သော်လည်း ရငွေလျာထားချက်မှာ ကျပ် ၂၇၈ ဒသမ ၁၉၅ ဘီလျံ ဖြစ်သောကြောင့် လိုငွေကျပ် ၅၆ ဒသမ ၇၁၉ ဘီလျံရှိမည်ဟု လျာထားသည်။

ထို့ပြင် အချို့ဝန်ကြီးဌာနများ အနေဖြင့် တောင်းခံသည့် သာမန်အသုံးစရိတ်များထဲတွင် ၎င်းတို့၏ မရိုးသားသည့် အသုံးစရိတ်များကို ထည့်သွင်း တောင်းခံမှုများ ရှိကြောင်း၊ ခရီးသွားလာသည့် အသုံးစရိတ်၊ ဧည့်ခံစရိတ် များအပေါ် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ရငွေဝင်ငွေများ ပြန်လည်တင်ပြရာတွင် အချို့မှာ သိသာစွာ နည်းပါးနေ၍ မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း၊ မြို့ဝင်ကြေး ဂိတ်ကဲ့သို့ ကောက်ခံခြင်းမှ တစ်နှစ် ငွေကျပ် ၃ ဒသမ ၄ သန်းသာ ရရှိမည် ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ထောက်ပြ ဆွေးနွေးခဲ့သည်။

''စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးနေဖို့ လုံးချင်းအိမ်ရာ သုံးထပ်အဆောက်အအုံအတွက် ကျပ်သိန်း ၁၅၀၀ တောင်းထားပါတယ်။ လေးဦးအတွက် လေးလုံးဆောက်ဖို့ ကျပ်သိန်း ၆၀၀၀ (ကျပ်သန်း ၆၀၀) တောင်းထားတာ။ ဒါလည်း စိစစ်ပေးချင်ပါတယ်။ ပြီးတော့ ၀န်ထမ်းအိမ်ရာတွေ ဆောက်ဖို့အတွက် ၁ စတုရန်းပေကို ကျပ် ၂၅၀၀၀ နဲ့ တင်ပြလျာထားငွေ ကျပ်သန်း ၅၄၀ ကိုလည်း ပြန်လည်စိစစ် သုံးသပ်စေချင် ပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက ဆွေးနွေးခဲ့သည်။

ထိုသို့ထောက်ပြ ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူ များက လည်း ပြန် လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ပြဆွေးနွေး မှုများအား ထည့်သွင်း စဉ်းစား၍ ပြန်လည်ရေးဆွဲ ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားချက်ငွေကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံကို လွှတ်တော်က အတည်ပြုခဲ့သည်။

Eleven Media Group

No comments:

Post a Comment