Pages

Sunday, November 24, 2013

ကျွန်းစုမြို့နယ်ပိုင် ပထော်ကျွန်းရှေ့တွင် ကဏန်းတင် လှေတစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရရှိ

                                             (ကဏန်းလှေ ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည်ကို တွေ့ရစဉ်)
Sunday, November 24, 2013

မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပိုင် မြိတ်မြို့နှင့် ပထော်ကျွန်းရှေ့ကြား ရေပြင်တွင် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကဏန်း တင် လှေ တစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကဏန်းလှေမှာ မြိတ်တွင်ကဏန်းများ လာရောက်ရောင်းချပြီး ပထော်ကျွန်းရှေ့ ရေပြင်ရှိ စက်သုံးဆီများ ရောင်းချရာ MT-189 ဆီဗောတွင် စက်သုံးဆီများ ၀ယ်ယူခဲ့ကြောင်း၊ စက်သုံးဆီ တင်ဆောင်ပြီးနောက် ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုး ရာမှ ရှော့ခ်ဖြစ်ကာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"ပေါက်ကွဲသံကြီးက အရမ်းကို ကျယ်ပါတယ်။ မြိတ်မြို့ပေါ်က ရပ်ကွက်တော်တော်များများ ဒီပေါက်ကွဲသံကြီးကို ကြားပါတယ်။ ကမ်းနားလမ်းမှာရှိတဲ့ သူတွေကတော့ ဆီဗောကနေ မီးခိုးလုံး တက်လာတာ တွေ့ရပါတယ် ။ ပေါက်ကွဲမှုဖြစ် ပွားပြီး လှေလည်း နစ်မြုပ်သွားတာ တွေ့ရတယ်" လို့ မျက်မြင်တွေ့မြင်ခဲ့သူများက ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လှေပေါ်တွင် ပါလာသူများ ရေထဲသို့ လွင့်စဉ်ထွက်သွားပြီး လှေသားငါးဦးအနက် လေးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"လှေပေါက်ကွဲ ထွက်သွားပြီး လူတွေရေထဲကို ကျသွားတာ တွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လှေတွေနဲ့ လိုက်လာပြီး လူတွေကို ကယ်နေတာ တွေ့ခဲ့ရတယ်။ လှေကတော့ မီးလောင်ပြီး နစ်မြုပ်သွားတာ တွေ့ရတယ်" ဟု သမ္ဗန်မောင်းသူ တစ်ဦး က ပြောကြားသည်။

ကဏန်းလှေမှာ အလျားခုနစ်လံရှိပြီး ဓာတ်ဆီ ၁၄ ပီပါနှင့် ဒီဇယ်ဆီ ၁၀ ပီပါ တင်ဆောင်ထားကာ ရန်နိုင်ထွန်း ၂၃ နှစ်၊ သက်ထွေး ၁၉ နှစ်၊ အောင်သူ ၂၈ နှစ်တို့မှာ မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး သိန်းမောင်ဆိုသူမှာ ခြေထောက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ 


Eleven Media Group

No comments:

Post a Comment