Pages

Wednesday, November 27, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အမျိုးသားရေးတာဝန်ဟု NLD ကြေငြာချက်ထုတ်

27-11-2013

ရန်ကုန်၊ မဇ္ဈိမ။ အခြေခံဥပဒေသည် ဒီမိုကရေစီနှင့်မကိုက်ညီဘဲ ပြည်သူကို အကျိုးမပြုသည့်အတွက် ယင်းဥပဒေပြင်ဆင်ရေးကို အမျိုးသားရေး တာဝန် အဖြစ် အဓိကထားဆောင်ရွက်ကြရမည်ဖြစ်သည်ဟု အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ကြေငြာချက် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလအတွင်း စိန်ခေါ်ချက်ပေါင်းများစွာ အနက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ “လတ်တလေဖြေရှင်းရမည့်စိန်ခေါ်ချက်”ဟု ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ၂၇ (တန်ဆောင် မုန်းလပြည့်ကျော် ၁၀)ရက်တွင် ကျရောက်သည့် ၉၃ နှစ်မြောက် “အမျိုးသားနေ့” တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ NLDရုံးချုပ်တွင် ကျင်းပခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် “လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတပြီး သန့်ရှင်း လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ရေး အတွက် အရေးတကြီး အာရုံစိုက်ဖြေရှင်းရမည့်ကိစ္စ” ဟု NLD၏ နာယကဖြစ်သူ ဦးတင်ဦးက အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆို သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့မှ တရား လွှတ်တော် ရှေနေ ဦးကိုနီ၏ ပြောဆိုချက်အရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်ရန် အချက် ၁၀၀ ကျော်ရှိသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်၏ လက်ရှိအခွင့်အရေးကို လျှော့ချရန် လုပ်ဆောင်နေခြင်းမဟုတ်ဟု နိုဝင်ဘာ ၁၈ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဟောပြောပွဲတွင် ပြောဆိုထားသည်။လွှတ်တော်အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော်က အမတ် ၁၀၉ဦးဖြင့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့ လာသုံးသပ်ရေးကော်မတီ” တစ်ရပ်အားဖွဲ့စည်း ထားပြီး NLDအမတ် ခုနှစ်ဦးသာ ပါဝင်သည်။ အဆိုပါကော်မတီအနေဖြင့် အခြေခံဥပဒေပါ ပြင်သင့်သည့်အချက်များအား လာမည့်နှစ် ဇန်န၀ါရီလ မကုန်မှီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဟု ကြေငြာထားသည်။

Mizzima

No comments:

Post a Comment