Pages

Sunday, November 17, 2013

SEA Games တွင် အရေးပေါ် လူနာတင်ယာဉ် တစ်ရာကျော် သုံးမည်

17.11.2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အစိုးရပိုင်နှင့် ပုဂ္ဂလိက ဆေးရုံပိုင် အရေးပေါ် လူနာတင်ယာဉ် အစီး ၁၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် SEA Games ကျန်းမာရေး ဆပ်ကော်မတီ၏ အတွင်းရေး မှူး ဒေါက်တာမင်းသန်းညွန့်က The Voice သို့ ပြောကြားသည်။

ပြိုင်ပွဲ ကျင်းပမည့် နေရာလေးနေရာအတွက် အသုံးပြုမည့် သူနာတင် ယာဉ်စီးရေ ၁၀၀ ကျော်တွင် အစိုးရပိုင် သူနာတင်ယာဉ် ၈၆ စီး ပါဝင်ပြီး SEA Games အဓိက ကျင်းပရာ နေပြည်တော်တွင် ၆၂ စီး အသုံးပြုမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။SEA Games ပွဲတော် ကျင်းပရေး ကာလတွင်း အားကစားသမားများအပြင် ပရိသတ်များကိုပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ တားမြစ်ဆေး သုံးစွဲသည်ကို စစ်ဆေးခြင်း၊ လူအများ စုဝေးမည် ဖြစ်သည့်အတွက် ကူးစက်ရောဂါများ အတွက် ပြင်ဆင်ခြင်း၊ အားကစားပွဲအတွင်း လူအများ ရုတ်တရက် ဒဏ်ရာရနိုင်သည့် အတွက်လည်း ကြိုတင် ပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

SEA Games တွင် စနစ်သုံးမျိုးဖြင့် အရေးပေါ် လူနာတင်ယာဉ်ကို အသုံးပြုရန်အတွက် ရေကြောင်း အတွက် လှေ ၊ လေကြောင်းအတွက် ရဟတ်ယာဉ်နှင့် ကုန်းကြောင်းအတွက် သူနာတင် ယာဉ်များကို ဝယ်ယူပြီးစီးပြီး ဖြစ်ကြောင်း SEA Games တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။SEA Games တွင် အရေးပေါ် လူနာ များကို နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင် ၁၀၀၀ ဆေးရုံ)၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၅၀၀ ဆေးရုံ)၊ မန္တလေး ပြည်သူ့ ဆေးရုံကြီး (ခုတင် ၁၀၀၀ ဆေးရုံ)၊ ပုသိမ် ပြည်သူ့ဆေးရုံနှင့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ ဆေးရုံများကို ရန်ကုန်မြို့ရှိ Victoria ဆေးရုံမှတစ်ဆင့် လွှဲပြောင်းပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။နှစ်ပေါင်း ၄၄ နှစ် ကြာမြင့်ပြီးမှ မြန်မာနိုင်ငံတွင် ပထမဆုံး ပြန်လည် ကျင်းပခွင့်ရမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ၂၀၁၃ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ရာ အားကစားပွဲ ကျင်းပရန် ၂၅ ရက်သာ လိုတော့သည်။

The Voice Weekly

No comments:

Post a Comment