3.12.2013
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ (The World Innovation Summit for Health, WISH) တက်ရောက်ရန် အတွက် မြန်မာနိုင်ငံမှ သီတဂူဆရာတော် အရှင်ဉာဏိဿရနှင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖိတ်ကြားထားကြောင်း အဆိုပါဖိုရမ် တက်ရောက်မည့် NLD ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ဖိုရမ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဒိုဟာမြို့ ကာတာအမျိုးသား ကုန်သွယ်မှု စင်တာ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းပွဲစီစဉ်သည့် ကာတာ ဖောင်ဒေးရှင်းက ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံမှ ကျန်းမာရေးဖိုရမ် တက်ရောက်မည့် သူများသည် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင် ထွက်ခွာမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးကြောင်း၊ NLD ကျန်းမာရေး ကော်မတီ အနေနှင့် မြန်မာနိုင်ငံတွင် လမ်းအန္တရာယ်ကြောင့် အရေးပေါ် အခြေအနေ ထိခိုက်ဒဏ်ရာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် တာဝန်ယူမှု ရှိသော ကျန်းမာရေးစနစ် အကြောင်းများ ဆွေးနွေးသွားရန် ရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောဆိုသည်။
ယင်းဖိုရမ်တွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ခဲ့ဖူးပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့် တင်ရေးအတွက် ကူညီရန် ကတိကဝတ် ပြုထားသော WISH ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. Lord Darzi အပါအဝင် နိုင်ငံတကာ ပညာရှင်များစွာ တက်ရောက်မည် ဖြစ်ကြောင်း ကာတာ ဖောင်ဒေးရှင်း၏ ထုတ်ပြန် ချက်အရ သိရသည်။
လက်ရှိ အချိန်တွင် UNAIDS ၏ ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကမ္ဘာလုံး ဆိုင်ရာ ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံတွင် ကျင်းပသော (၂၅) ကြိမ်မြောက် ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လျက် ရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment