Pages

Thursday, December 26, 2013

ခရစ္စမတ် ဝတ်ပြုကိုးကွယ်သည့် အီရတ်ဘုရားကျောင်း ဗုံးခွဲခံရ၊ ၁၄ဦး သေဆုံး



26.12.2013

ခရစ္စမတ်ကာလ အီရတ် ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်း တစ်ကျောင်းကို ပစ်မှတ် ထားသော ဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အီရတ် ခရစ်ယာန်ဘာသာဝင် အနည်းဆုံး ၁၄ ဦး သေဆုံး သွားခဲ့ကြောင်း လုံခြုံရေးအရာရှိ များကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။ ဘဂ္ဂဒက်မြို့တော် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူလည်း ၃၀ ဦးကျော် ရှိသည်ဟု သတင်းရင်းမြစ်များက အတည်ပြု ပေးသည်။

ဝတ်ပြုကိုးကွယ်ပြီးနောက် ပြန်ထွက် လာကြသည့် ခရစ္စမတ် ဆင်နွှဲသူများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းက တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ကိုလည်း အတိ အကျ မသိရှိရ သေးပေ။

"သူတို့ဟာ ဘာသာတရား ခေါင်းစဉ်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုရင် ယခု တိုက်ခိုက်မှုဟာ အစ္စလာမ် ဘာသာရေးရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်" ဟု ဘဂ္ဂဒက်မြို့တော် စိန့်ဂျိုးဇက် ဘုရားကျောင်း၏ သာသနာ့ အာဏာပိုင်က AFP ကိုပြောကြားသည်။"ဘုရားရှိခိုးကျောင်း ဆိုတာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးရဲ့ နေရာပါ။ စစ်ပွဲ မဟုတ်ပါဘူး" ဟု ဘုရားကျောင်းမှ ဘာသာရေးခေါင်းဆောင် ကာချာက ပြောကြားသည်။

အီရတ်နိုင်ငံတွင် ခရစ်ယာန် လူဦးရေ သည် ၂၀၀၃ ခုနှစ် နောက်ပိုင်း၌ သိသာစွာ နည်းသွားခဲ့သည်။
၂၀၀၃ခုနှစ် အမေရိကန် ဦးဆောင်သည့် ကျူးကျော်မှုက အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချနိုင် ခဲ့သော်လည်း အီရတ်နိုင်ငံသည် သူပုန်သူကန်များနှင့် နိုင်ငံခြား တပ်များ တိုက်ခိုက်ကြရာ စစ်တလင်း ဖြစ်သွားခဲ့ပြီး ခရစ်ယာန် လူနည်းစုများသည် ကြားညပ် ခဲ့ရုံသာမက ၄င်းတို့ကို ပစ်မှတ်ထား ရန်ပြုမှုများပင် ကြုံလာရသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာတွင် ဘဂ္ဂဒက်ရှိ ကယ်တင်ခြင်းမယ်တော် ဘုရားကျောင်းကို တိုက်ခိုက်ခဲ့ရာ ခရစ်ယာန် အီရတ် ၄၄ ဦးနှင့် ဘုန်းတော်ကြီးနှစ်ပါး သေဆုံး ခဲ့ရသည်။

အီရတ်တွင် ၂၀၀၃ မတိုင်ခင်က ခရစ်ယာန် တစ်သန်းမှ တစ်သန်းခွဲကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း ယခုအခါ ငါးသောင်းအောက်ပင် ကျဆင်းနိုင်သည်ဟု ခန့်မှန်းကြသည်။

The Voice Weekly

No comments:

Post a Comment