Pages

Monday, December 23, 2013

ပခုက္ကူရှိ မြန်မာ့စီးပွားရေးဘဏ် ငွေထုတ်ကား ယာဉ်တိုက်မှုဖြစ်၍ ရဲဝန်ထမ်းများ ဒဏ်ရာရ

23.12.2013

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေထုတ်ကားသည် မန္တလေးသို့ ငွေထုတ်သွားခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လုံခြုံရေး အဖြစ်လိုက်ပါလာသည့် ရဲဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာ ရရှိသွားသည်ဟု မုံရွာ-မန္တလေး ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးက ဒီဇင်ဘာ ၂၀ တွင် မဇ္ဈိမကို ပြောသည်။

မြင်းမူမြို့မရဲစခန်း၏ အတည်ပြုပြောကြားချက်များအရ အဆိုပါ ဒီဇင်ဘာ ၁၉ ရက်က ဘဏ်ငွေထုတ် သွားသည့် ယာဉ်မှာ (ကပရ) ယာဉ်အမျိုးအစားဖြစ်ပြီး ယာဉ်မောင်းမှာ ဦးညီညီလတ်ဆိုသူဖြစ်ပြီး မြင်းမူ မြို့နယ်၊ ထီးစောင်း ကျေးရွာအနီး မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးလမ်းဘေး ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ငွေထုတ်ရာတွင် လုံခြုံရေးလိုက်ပါလာရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းက တောနယ်မြေရဲစခန်းမှ ဒုတိယ ရဲအုပ်တစ်ဦးနှင့် ပခုက္ကူမြို့နယ်မှ ရဲတပ်သားတစ်ဦး၊ မြန်မာ့ စီးပွားရေး ဘဏ်(ပခုက္ကူရုံးခွဲ) ဘဏ်ဝန်ထမ်းတို့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။

မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာန၏ ခန့်မှန်းပြော ဆိုချက် များအရ အဆိုပါ ဒဏ်ရာ ရသူများသည် အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောဆိုခဲ့သော်လည်း ဒု-ရဲအုပ်မှာ ဦးခေါင်း ဘယ်ဘက်ပိုင်း နေရာတွင် လက်မ၀က်ခန့်ပေါက်ပြဲဒဏ်ရာရရှိခဲ့သည့်အတွက် ကြပ်မတ်ကုသ လူနာအဖြစ်ဆောင်ရွက်ပေးနေရသည်။

ယာဉ်တိုက်မှုဖြစ်ခဲ့သည့်အတွက် ယာဉ်မောင်းကို မြင်းမူမြို့မရဲစခန်းက ယာဉ်(ပ)၄၈/ ၂၀၁၃ ပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။

Mizzima - News in Burmese

No comments:

Post a Comment