Pages

Tuesday, December 3, 2013

ငါးဧကအောက်လုပ်ကိုင်သည့် လယ်သမားများအတွက် ကာကွယ်ပေးရန်လိုအပ်

မောင်သင်တုန်း| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 

ငါးဧကအောက်လျော့နည်းသည့် လယ်သမားငယ်များ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို အကာအကွယ် ပေးရန်လိုအပ်နေသည်ဟု စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) ၏ညွှန်ကြားရေး မှူး ဒေါက်တာဥမ္မာခိုင်က မဇ္ဈိမကို ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

မူဝါဒပိုင်းတွင်သော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏လုပ်ဆောင်ချက်များသည်လည်း ကောင်း လယ်သမားငယ်များအတွက် အကာအကွယ်ပေးနိုင်မှု အားနည်းနေသေးသည့်အပေါ် အထက် ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

“တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမှာလည်း တောင် သူငယ်တွေအတွက်တော့ ပါတယ်။ တိတိကျကျကြီး ဖော်ပြထားတာမရှိဘူး။ ပြန်ပြင်ပါလို့တော့ မပြော ချင်ဘူး။ ဒါပေမဲ့ ဥပဒေမှာ ဒီထက်ပိုပြီးစဉ်းစားဖို့ လိုသေးတယ်”ဟု ဒေါ်ဥမ္မာခိုင်က ပြောသည်။

လယ်ငါးဧကအောက် လုပ်ကိုင်သည့် လယ်သမားများက မြန်မာနိုင်ငံလယ်သမားထု၏ ၇၅ ရာခိုင်နှုန်း ခန့်ရှိ၍ ၎င်းတို့၏ ထုက်လုပ်မှုစွမ်းအင်က တိုင်းပြည်အတွက်အရေးကြီးသောကြောင့် ယခုထက် ပိုမို အကာအကွယ်ပေးနိုင်ရန် လိုအပ်သည်ဟု ရှင်းပြသည်။ 

Swiss aid မှ ကိုစိုင်းလုံက တောင်သူငယ်များအတွက် အစိုးရစီမံကိန်းများနှင့်ပတ်သက်ပြီး “ဖွံ့ဖြိုးရေး လုပ်နေတယ်ဆိုပေမယ့် စိုက်ပျိုးရေးနည်းပညာကိုပဲဖြစ်ဖြစ်၊ ပေါ်လစီကိုပဲဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုရင် နှစ်ပေါင်းများစွာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဆိုတာ တွေ့နေရတယ်” ဟု ပြောသည်။

ယင်းသို့ တောင်သူငယ်များကို အကာအကွယ်မပေးနိုင်ပါက လယ်သမားများ လယ်ယာမြေကို စွန့်လွှတ် ရောင်းချရခြင်း၊ သီးနှံဈေးကွက်မရှိသည့်အတွက် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာကာ စားနပ်ရိက္ခာ ဖူလုံရေးကို ထိခိုက်လာနိုင်သည်ဟု ဒေါက်တာဥမ္မာခိုင်က ပြောသည်။

နိုင်ငံတကာတွင်မူ တောင်သူငယ်များကို ဖွံ့ဖြိုးတိုးတက်ရန်နှင့် အကာအကွယ်ပေးနိုင်ရန် တောင်သူ ကျောင်းများထူထောင်ပြီး နည်းပညာများဖြန့်ဝေပေးသည်ဟု ကိုစိုင်းလုံက ပြောသည်။ 

“တောင်သူကျောင်းကိုလာပြီး စပါးကိစ္စတင်မဟုက်ဘဲ မြေယာပိုင်ဆိုင်မှုကိစ္စ၊ မြေယာရပိုင်ခွင့်ကိစ္စနဲ့ ရပိုင်ခွင်ရှိတဲ့အခွင့်အရေးတွေကိုပါ ဆွေးနွေးနိုင်မယ်” ဟု ကိုစိုင်းလုံက ပြောသည်။

သို့သော် တောင်သူများကို အကူအညီပေးရာတွင်လည်း တစ်နေရာတွင် အသုံးကျသည့် နည်းပညာက အခြားနေရာတွင် အဆင်မပြေသည်များရှိတတ်သဖြင့် သတိပြုသင့်သည်ကို “နေရာဒေသမတူလို့ မ အောင်မြင်တာလည်းရှိတယ်။ မသင့်လျော်တဲ့နေရာမှာ နိုင်ငံတော် ပေါ်လစီက အမှားတွေလုပ်ခဲ့တာ ခုအချိန်မှာ သင်ခန်းစာယူသင့်တယ်” ဟု ကိုစိုင်းလုံကဆက်ပြောသည်။

နိုင်ငံတော်က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ကော်မတီများဖွဲ့စည်းတော့မည်ဖြစ်ရာ ၎င်းကော်မတီများက လယ်သမားများ၏ အသံများကို ထည့်သွင်း ထားသည်ဆိုသော်လည်း တောင်သူလယ်သမားများ ကိုယ်တိုင်မပါဝင်သော ကော်မတီများက လယ် သမားများကို မည်သို့အကာအကွယ်ပေးနိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေါက် တာဥမ္မာခိုင်က ပြောသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တို ဘာ ၁၂ ရက်က ပြဋ္ဌာန်းခဲ့သည်။

FSWG သည် ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့ ပါဝင်သည့် ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည်။


Mizzima

No comments:

Post a Comment