Pages

Saturday, December 7, 2013

သစ်အလုံးလိုက် တင်ပို့မှု ရပ်တန့်မည်ဖြစ်၍ သစ်အချောထည် လုပ်ငန်းများ ဆက်တိုက် ဝင်ရောက်


ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ရပ်တန့်တော့မည် ဖြစ်သဖြင့် သစ်အချောထည် ထုတ်လုပ်သည့် လုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက် လာကြကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။
“နောက်နှစ်မှာ သစ်အလုံးလိုက် တင်ပို့တာကို ရပ်တော့မှာဆိုတော့ အချောထည်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးလာတဲ့ သဘောပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အထပ်သားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် စင်ကာပူနှင့် အိန္ဒိယမှ ကုမ္ပဏီ နှစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့က ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ထံမှ သိရသည်။

စင်ကာပူအခြေစိုက် Myanmar Veneer & Plywood Private Ltd.က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ်ရှိ စစ်ကိုင်း စက်မှုဇုန်တွင် အထပ်သား မျက်နှာပြင် အပေါ်လွှာ၊ အထပ်သား အတွင်းသား၊ အူတိုင်နှင့် ကျွန်းအထပ်သားစသည့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

အိန္ဒိယနိုင်ငံမှ Fine Ply Myanmar Private Limited ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန် (၂) တွင် အထပ်သားလွှာ၊ အထပ်သားနှင့် အူတိုင်များ ထုတ်လုပ် မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှ B.S Progressvie Pvt. Ltd. နှင့် MAK Plywood Industries PVT. Ltd. တို့ကို အထပ်သားနှင့် အထပ်သားလွှာ ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

ပြည်တွင်းမှ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ရပ်ဆိုင်းတော့ မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ကြေညာထားပြီး သစ် အချောထည် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ် ထားသည်။

The  Voice

No comments:

Post a Comment