26.12.2013
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိမြို့နယ် ၁၈ မြို့နယ်တွင် ကောက်ခံလျက်ရှိသော ရှမ်းနီ လူဦးရေ စာရင်းကို လာမည့် ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် ကောက်ခံမည် ဖြစ်ကြောင်း ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစောဝင်းထွန်းက The Voice သို့ ပြောကြားသည်။
ရှမ်းနီ လူဦးရေ ကောက်ခံမှုကို စက်တင်ဘာလမှ စတင်၍ စေတနာ့ဝန်ထမ်း ၃၀၀ ခန့်ဖြင့် စတင်ကောက် ခံခဲ့ပြီး လက်ရှိတွင် ၅၅ ရာခိုင်နှုန်းခန့် ကောက်ယူ ပြီးစီးပြီ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
“စေတနာ့ဝန်ထမ်းနဲ့ ရန်ပုံငွေ အင်အားနည်းနေလို့ ရှမ်းနီ လူဦးရေစာရင်း ကောက်ခံမှု နှောင့်နှေးနေတာပါ။ လာမယ့် ဇန်နဝါရီလကုန်မှာ အပြီးသတ်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးစောဝင်းထွန်းက ရှင်းပြသည်။
ယင်းသို့ ရှမ်းနီ လူဦးရေစာရင်း ကောက်ယူခြင်းမှာ မိဘဘိုးဘွားများက ရှမ်းနီ လူမျိုးများ ဖြစ်သော်လည်း သားသမီးများ၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် ဗမာဖြစ်နေသောကြောင့် ၂၀၁၄ ခုနှစ်တွင် ကောက်ခံ မည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်းတွင် ရှမ်းနီလူမျိုး အရေအတွက် အမှန်ရရှိ ရေး ကြိုတင် ပြင် ဆင်ခြင်း ဖြစ်ကြောင်း ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က The Voice သို့ ပြောကြားသည်။
ရှမ်းနီ လူမျိုးများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ပျံ့နှံ့ နေထိုင်လျက်ရှိပြီး စုစုပေါင်း လူဦးရေ နှစ်သန်းခန့် ရှိနိုင်ကြောင်း ရှမ်းနီပါတီက ခန့်မှန်းထားသည်။
The Voice Weekly

No comments:
Post a Comment